အဗ္ဗ (Abba) – ဓမ္မသစ်ခေတ်ကာလ၌ ပါလက်စတိုင်းအရပ်တွင် နေထိုင်သော ယုဒ လူများသုံးနှုန်းသည့် ဝေါဟာရဖြစ်၍ သခင်ယေရှုကလည်း ထိုအာရမိဘာသာစကားဖြင့် ပြောဆိုခဲ့သည်။ အဗ္ဗဟူသော ဝေါဟာရသည် အာရမိဘာသာ စကား တွင် ဖခင်ဟု အနက်ရ၍ ရင်နှစ်သည်းခြာ ကလေးသူငယ်များက သုံးသော “ပါပါး၊ ဖေဖေ”ဟူသည့် အသုံးအနှုန်းမျိုးဖြစ်သည်။

သို့သော် ယုဒလူများသည် ဘုရားရှင်ထံ ဆုတောင်းသည့်အခါ “ဖေဖေ”ဟု ပြောဆိုရိုးမရှိကြ။ ဘုရားရှင် နှင့် ရင်းနှီးခင်မင်လွန်းသည့် သဘောဖြင့် သုံးနှုန်းသည့် စကားလုံးဖြစ်၍ သခင်ယေရှုနှင့် ဘုရားရှင်တော်အကြား နီးစပ်မှုကို ပြသသည်။ အထူးသဖြင့် နှလုံးကြွေပြုန်းမတတ် စိတ်ဆင်းရဲသည့် ဂေသရှေမန်ဥယျာဉ် ဆုတောင်းခန်း ၌ သုံးနှုန်းပုံ တွေ့ ရသည်(မာ ၁၄း၃၆)။

သခင်ဘုရား၏ အသုံးအနှုန်း ထိုစကားလုံးကို ကနဦးတပည့်တော် များကလည်း သုံးစွဲကြသည်(ရော ၈း၁၅၊ ဂလာ ၄:၆)။ အာရမိဘာသာစကား မသုံးနှုန်းသော ဂရိလူများကမူ “အဘ”ဟု သုံးနှုန်းလေ့ရှိသည်။

Related Entries