ညှဉ်းပန်းနှိပ်စက်ခြင်း (Persecution)

သခင်ယေရှုက တပည့်တော်များအား ညှဉ်းပန်းနှိပ်စက်ခြင်း ခံကြမည့်အကြောင်း ကြိုတင်သတိ ပေးထားသည်။ သူ့ရန်သူများက သူ့ကို နှိပ်စက်ကြ သကဲ့သိုပင် သူ့နောက်သို လိုက်သူများသည်လည်း နှိပ်စက် ခြင်းခံကြရမည်ဟုမိန့်မှာသည်(ယော ၁၅း၂၀)။ စင်စစ်တွင် ထိုသို ညှဉ်းပန်းနှိပ်စက်ခြင်း ခံကြရသောအခါ ဝမ်းသာကြသည်။ ယခင်က ဘုရားတရားလူများ(မ ၅:၁၂)နှင့် ခရစ်တော်ခံစားသော ဆင်းရဲဒုက္ခ မျှဝေခံစားသည် ဟု ခံယူကြသည်(ဖိ ၃း၁၀၊ ဟေဗြဲ ၁၃း၁၂-၁၃)။

ကျမ်းစာအတွေးအမြင်သည် လူ့ အတွေးအမြင်နှင့် တသီးတခြားစီ ဖြစ်သည်။ လူများက နှိပ်စက်ခြင်းကို မနှစ်သက်ကြ။ ခရစ်တော်ကမူ နှိပ်စက်ခံရခြင်းသည် ကောင်းချီးမင်္ဂလာ ခံစားရာဟုဆိုသည်(မ ၅း၁ဝ၊ ၁၁)။ ညှဉ်းပန်းနှိပ်စက်ခြင်းခံရလျှင် မကောင်းမှုဖြင့် တုံပြန်ရသည်မဟုတ်။ ဖြောင့်မတ်ရာအဖြစ်သို့ ပြောင်းလဲခံယူ ရသည်(၁ပေ ၄း၁၅)။ သို့သော် ခရစ်တော်၏ နာမတော်ကြောင့် နှိပ်စက်ခြင်းခံရခြင်းသာလျှင် ကောင်းချီးမင်္ဂလာ ခံစားရသည် (မ ၅း၁၁၊ ၁ပေ ၄း၁၄-၁၆)။

သို့တစေ ယုံကြည်သူများသည် ညှဉ်းပန်းနှိပ်စက်ခြင်း မခံယူလိုကြ။ သခင်ယေရှုသည် တပည့်တော်များ အား သတင်းကောင်းဟောပြောရန် စေလွှတ်သည့်အခါ ညှဉ်းပန်းနှိပ်စက်ခြင်းခံရလျှင် အခြားမြို့သို့ ပြောင်းရွှေ့ ဟောပြောခိုင်းသည်(မ ၁၀း၂၃)။ မည်သို့ဖြစ်စေ ခရစ်ယာန်သည် လူတကာနှင့်သင့်တင့်လျောက်ပတ်စွာ နေထိုင်ရ သည်(ရော ၁၂း၁၈)။

ခရစ်ယာန်များသည် လာရောက်နှိပ်စက်သူအား လက်တုံမပြန်ရ( မ ၅း၃၈၊ ၃၉)။ ခရစ်တော်သည် သူ့ကို ဖမ်းချုပ်သူများရှေ့တွင် ငြိမ်သက်တိတ်ဆိတ်သည်။ ခရစ်ယာန်များသည် ဝိညာဉ်တော်တန်ခိုးဖြင့်(မ ၁၀း၁၉၊ ၂၀) ယုံကြည်သည့်အတိုင်း ပြောဆိုရသည်(၁ပေ ၃း၁၅)။ ရန်သူများ၏ ကောင်းစားရေးကို ရှာဖွေပေးရသည်။ ကောင်းချီးပေးလျက်(ရော ၁၂း၁၄) လိုအပ်ချက်များ ဖြည့်ဆည်းကူညီရသည်(ငယ် ၂၀)။ သံယောဇဉ်မပြတ် မေတ္တာထား ဆုတောင်းပေးရသည်(မ ၅း၄၄)။

တမန်တော်ဝတ္တုတွင် ယုဒလူများသည် ခရစ်ယာန်များကို ပထမဆုံး နှိပ်စက်သူများဖြစ်ကြသည်။ ဗိမာန်တော်နှင့် မောရှေ၏ ပညတ်တရားတို့ မတည့်မတ်ကြသောကြောင့် ခရစ်ယာန်များကို မုန်းတီးကြသည်(တ ၆း၁၃၊ ၁၄၊ ၇း၄၈-၅၃၊ ရော ၆း၁၄)။ ယုဒခရစ်ယာန်များသည် တပါးအမျိုးသား ခရစ်ယာန်များကို ခရစ်တော်ထဲ၌ ဘဝတူများအဖြစ် လက်ခံကြသည်(ဧ  ၂း၁၁-၁၄)။

ရောမတို့သည် သိမ်းပိုက်ထားသော လူမျိုးများအား မိမိတိုယုံကြည်ရာ ဘာသာတရားကို ဆက်လက်ကိုး ကွယ်ခွင့်ပြုကြသည်။ ထိုကြောင့်လည်း ရောမတို့က ရှင်ပေါလုကို ကွယ်ကာကြသည်(တ ၁၈း၁၄၊ ၁၅၊ ၂၁း၃၂၊ ၂၃း၁၂-၃၅)၊ တခါတရံတွင် အုပ်စိုးသူမင်းများသည် ပရိသတ်စကားကို နာခံကြသည် (တ ၁၆:၂၂-၂၃)။ ဖိလိပ္ပိမြို့ သားများသည် ခရစ်ယာန်များကို မကြာခဏမုန်းတီးကြသည်။ အကြောင်းသော် ခရစ်ယာန်များသည် ထိုသူတို၏ နတ်ဘုရားများကို ကိုးကွယ်ရန် ငြင်းဆန်ကြသောကြောင့် ခရစ်ယာန်များကို လက်ခံလျှင် သူတို့နတ်ဘုရားများက စိတ်ဆိုးကြမည်ကို စိုးရိမ်ကြသည်။ ၁ပေ ၄း၁၂ ကျမ်းချက်သည် ထိုအခြေအနေကို နောက်ခံပြုထားသည်။

အေဒီ ၆၄ ခုနှစ်တွင် ဧကရာဇ်နေရူးက ရောမမြို့ မီးလောင်ခြင်းအား ခရစ်ယာန်များ၏ လက်ချက်ဟု သွားပုပ်လေလွှင့်သည်။ ခရစ်ယာန်များသည် လူမုန်းခံရသူများဖြစ်ကြောင်း သိရှိထားသဖြင့် သူကိုယ်တိုင် မီးရှိပြီး တရားခံအဖြစ် ယိုးစွပ်သည်။ ထိုသိုဖြင့် ခရစ်ယာန်များကို ရက်စက်ပြုမူကြသော်လည်း ရောမမြိုသားများက သိရှိကြသည်။ ထိုအဖြစ်အပျက်ကြောင်း ပေတရုနှင့် ပေါလုတိုသည် သေဒဏ်စီရင်ခြင်း ခံကြရသည်။

ဗျာဒိတ်ကျမ်းသည် ဧကရာဇ် နိမီတန်အုပ်စိုးချိန် ကုန်ဆုံးခါနီး အေဒီ ၉၀ – ၉၅ ကာလအတွင်း ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်ခြင်းကာလ၌ ရေးသားသည်။ လူထုက ရောမဧကရာဇ်မင်းဖြစ်သော သူ့ကို နတ်ဘုရားနှင့်အပြိုင် ကိုးကွယ်စေပြီး မိမိတိုနတ်ဘုရားများကိုလည်း ဆက်လက်ကိုးကွယ်ခွင့်ပြုသည်။

ထိုသို့ဖြင့် နတ်ဘုရားကိုးကွယ်ကြသော သာသနာပလူများသည် အခက်အခဲမရှိတန်ရာမြင်ရာ ကိုးကွယ်နိုင်ကြသည်။ သိုသော် ဘုရားစစ် ဘုရားမှန်တပါးတည်းသာရှိကြောင်း ယုံကြည်ကိုးကွယ်သည့် ခရစ်ယာန်များကမူ ထိုသို့ လိုက်မလုပ်ချင်ကြ။ ထိုသို့ ခရစ်ယာန်များ၏ ငြင်းဆန်မှုကို ရောမတို့က သစ္စာ ဖောက်မှုဟု စွပ်စွဲပြီး ကာလကြာရှည် ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်ကြသည်။