အာဗြဟံ (Abraham)- အာဗြဟံ၏ ဘဝဇာတ်ကြောင်းကို က ၁၁:၂၇-၂၅:၂၁ တွင် တွေ့ရ သည်။ ဘုရားရှင်က လူမျိုးကြီး၏ ဖခင်ဖြစ်စေမည့်အကြောင်း၊ ခါနန်ပြည် ပိုင်ဆိုင်မည့်အကြောင်း(က ၁၅) ပဋိညာဉ်ပြုတော်မူသည်(က ၁၂း၃)။ အာဗြဟံ မျိုးရိုးတွင် လူ့ဇာတိခံယူတော်မူသော ယေရှုခရစ်တော်တော်၌ ထိုကတိတော် ပြည့်စုံလာသည်(ဂလာ ၃း၁၆)။

ဘုရားရှင်က သူ့နာမည်အား “ချီးမြှောက်ခံဖခင်”ဟု အနက်ရသည့် “အာဗြံ”ဟူသော နာမည်မှ “လူတကာတို့၏ ဖခင်”ဟု အနက်ရသော “အာဗြဟံ” ဟု ပြောင်းလဲစေသည်(က ၁၇း၅)။

အာဗြဟံသည် ယုံကြည်ခြင်းသစ္စာအရေးတွင် ထင်ရှားသည်(က ၁၅း၆၊ ဟေဗြဲ ၁၁း၈-၁၉)။ ထိုသို့သော ယုံကြည်ခြင်းကြောင့် အပြည့်အဝ နာခံသည် (ယာ ၂း၂၁-၂၄)။ ယုဒလူများသည် အာဗြဟံ၏သားဖြစ်ရခြင်းကို ဂုဏ်ယူ မဆုံးကြ။ သိုသော် ခရစ်တော်က အာဗြဟံ၏ သားမြေးအစစ်အမှန်သည် ယုဒ မျိုးရိုး၌ မွေးဖွားသော ကြောင့်မဟုတ်ဘဲ အသက်တာပုံစံဖြင့်သာ ဖြစ်ရကြောင်း မိန့်တော်မူသည်။

ထိုနည်းတူ ရှင်ပေါလုက ရော ၄ နှင့် ဂလာ ၃ တို့တွင် အာဗြဟံ၏ သားမြေးအစစ်အမှန်သည် အာဗြဟံ၏ ယုံကြည်ခြင်းမျိုးရှိကြောင်း ဆိုထား သည်။ ဆိုလိုသည်မှာ တပါးအမျိုးသားဖြစ်လျှင်လည်း စစ်မှန်သော ခရစ် ယာန် ပီသလျှင် အာဗြဟံ၏ သားမြေးမှန်ကန်သည်။ ထိုခရစ်ယာန်အစစ်အမှန်များ သည် အာဗြဟံကဲ့သို့ပင် ကောင်းကင်နှင့် မြေကြီး သုခမင်္ဂလာ ခံစားကြသည် (ဂလာ ၃း၂၆-၄၇၊ ဟေဗြဲ ၁၁း၁၆)။

Related Entries