သင်ခန်းစာ (၄) လိင်၏တွန်းအားကို နားလည်ခြင်း

You are here:
  • Bible Handbook Home
  • Bible Study
  • သင်ခန်းစာ (၄) လိင်၏တွန်းအားကို နားလည်ခြင်း
< Back

လူငယ်တစ်ဦးသည် လူကြီးဘဝသို့ရောက်လာသောအခါ သူ၏ကိုယ်ခန္ဓာအတွင်း၌ အားပြင်းသည့် တွန်းအား တစ်ခု ဖြစ်ပေါ်လာသည်ကို သိရှိခံစားရမည်ဖြစ်သည်။ ဤအားပြင်းသည့် တွန်းအားအသစ်မှာ လိင်၏တွန်းအားပင် ဖြစ်သည်။ လိင်နှင့်ပတ်သက်၍ အာသီသစိတ်ကို ဘုရားသခင်က ကျွန်ုပ်တို့အတွင်း၌ ထည့်သွင်းထားသည်။ ဤအရာက မညစ်ညူးသလို၊ မကောင်းသောအရာမဟုတ်ပါ။ လိင်၏လှုံ့ဆောင်မှုသည် ဘုရားသခင်၏ အကြံအစည်ဖြစ်သည်။ သူသည် ဆန်ကျင့်ဘက်လိင်ကို စိတ်ဝင်စားစေသော ဟိုမုန်းများကို ကျွန်ုပ်တို့အတွင်း၌ ထည့်သွင်းဖန်ဆင်းထားသည်။ ဘုရားသခင် ရည်ရွယ်ထားသည့် လိင်ဆက်ဆံမှုပုံစံမှာ လှပသည်။ ဘုရားသခင်ဖန်ဆင်းထားသော အရာအားလုံးသည် ကောင်းသည်။

လူတဦးက ကားတစ်စီးအား မောင်းနေသည်ဟု ဆိုပါစို့။ တစ်နေရာသို့ရောက်သောအခါ ကားမောင်းသူသည် ဘယ်ကွေ့ရင်ကွေ့၊ မကွေ့ရင်ညာဘက်သို့ ကွေ့ရန် ရွေးချယ်ရမည့်အနေအထားသို့ ရောက်လာသည်။ သူ၏ဘယ်ဘက်၌ ““တစ်လမ်းသွားဖြစ်၏။ မဝင်ရ””ဟူသော ဆိုင်းဘုတ်ကြီးကြီးကို မြင်ရသည်။ ကားမောင်းသူသည် ဆုံးဖြတ်ချက်ချကာ ဆိုင်းဘုတ်သတိပေးထားချက်ကို လျစ်လျူရှုပြီး ဘယ်ဘက်သို့ ကွေ့ဝင်ခဲ့သည်။ ယခုတွင် သူသည် လမ်းမှားအတိုင်း မောင်းနေပြီး ဥပဒေကိုလည်း ချိုးဖောက်၍ မိမိကိုယ်တိုင်နှင့် အခြားသူများအားလည်း အန္တရာယ်ဖြစ်စေမည်ဖြစ်သည်။

ကျွန်ုပ်တို့လိင်၏လှုံ့ဆော်မှုနှင့် ပတ်သက်လာလျှင်လည်း ထိုကဲ့သို့ပင် ရွေးချယ်ရမည့်အရာများရှိသည်။ လိင်၏ တွန်းအားသည် အပြစ်မရှိသော်လည်း ဤဆန္ဒကိုထိန်းချုပ်ရမည်ဟု ဘုရားသခင်က ပြောထားသည်။ ကျမ်းစာတွင် သူက ကျွန်ုပ်တို့အား မိမိကိုယ်ကိုသန့်ရှင်းအောင်ထားရန်နှင့် တနေ့တွင် မိမိ နှင့် လက်ထပ်မည့်သူအတွက် ခန္ဓာကို စောင့်ထိန်း ထားရန် ကြိမ်ဖန်များစွာ ပြောထားသည်။

ဘုရားသခင်က ကျွန်ုပ်တို့အား ပြောထားသည့်အရာများကို မနာခံခြင်းသည် လမ်းမှားအတိုင်း မောင်းနှင်နေသော ဒရိုင်ဘာကဲ့သို့ပင် ကျွန်ုပ်တို့နှင့် အခြားသူတို့အတွက် အန္တရာယ်ရှိပြီး အပြစ်လည်းဖြစ်သည်။ လိင်၏လှုံ့ဆော်မှု တွန်းအားကို မှားယွင်းသောနည်းလမ်းဖြင့် ကျေနပ်စေပါက၊ အပြစ်ဖြစ်လာသည်။

ဘုရားသခင်ကြံစည်ထားသည့် လိင်၏တွန်းအား

ဘုရားသခင်သည် သတ္တဝါတိုင်းအား မိမိဘာသာမျိုးပွားနိုင်သည့် စွမ်းရည်ကိုပေးထားသည်။ တိရစ္ဆာန်များတွင် ပြင်းပြသည့် လိင်ဆန္ဒရှိပြီး ထိုအရာက သူတို့အား မိတ်လိုက်စေသည်။ သို့သော် တိရစ္ဆာန်များ၌ လိင်၏တွန်းအားမှာ ရာသီ အလိုက်သာဖြစ်သည်။ တိရစ္ဆာန်အမသည် သူဆန္ဒပြင်းပြနေသည့် အချိန်မှသာ၊ အထီးဖြစ်သူကို လက်ခံမည်ဖြစ်သည်။ ကျန်သည့်အချိန်များ၌ အမသည် လိင်ကိစ္စကို စိတ်မဝင်စားပါ။ ထင်ရှားစွာပင်၊ တိရစ္ဆာန်များ၌ လိင်၏တွန်းအားကို ဖြစ်ပေး စေခြင်းမှာ မျိုးပွားရန်အတွက် သာဖြစ်သည်ဟု ဘုရားသခင်က ရည်ရွယ်ထားသည်။

လူသားများတွင်မူ ထိုကဲ့သို့မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့အား လိင်၏တွန်းအားကို ပေးထားခြင်းမှာ မျိုးပွားရန်အတွက်သာမဟုတ်ဘဲ။ ယောကျ်ားနှင့်ဇနီးမယားသည် တဦးအပေါ်တွင်ထားသောတဦး၏မေတ္တာကို အပြည့် အ၀ ဖော်ပြနိုင်ရန်အတွက်လည်းဖြစ်သည်။ အမှန်မှာ နည်းလမ်းမျိုးစုံဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အား ဖန်ဆင်းနိုင်ပါသည်။ သူက တိရစ္ဆာန်တွေကို ဖန်ဆင်းသလိုမျိုး၊ ကျွန်ုပ်တို့ လိင်၏တွန်းအားကို ရာသီအလိုက်သာ ဖြစ်ပေါ်စေလျက်၊ ကျွန်ုပ်တို့ အား ဖန်ဆင်းခဲ့နိုင်ပါသည်။ သို့သော် ဤသို့ဖန်ဆင်းခြင်းသည် လိင်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသော ပျော်ရွှင်မှု ကို သာ ကျွန်ုပ်တို့ရရှိမည် ဖြစ်သည်။ လိင်၏တွန်းအားပေးခြင်းကို အဆက်မပြတ်ခံနေရသောသူများအဖြစ်လည်း ကျွန်ုပ်တို့အား ဖန်ဆင်းခဲ့နိုင်ပါသည်။ သို့သော် ဤသို့ဖန်ဆင်းခြင်းက ကျွန်ုပ်တို့၏ဘဝကို မခံမရပ်နိုင် ဖြစ်စေနိုင်ပါသည်။

အထက်ပါနည်းလမ်းများထက် များစွာကောင်းသော နည်းလမ်းအားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အား ဖန်ဆင်း ခဲ့ သည်။ လှုံ့ဆော်မှုအားဖြင့် အသက်ဝင်လာသော လိင်ဆန္ဒအားဖြင့် ကျွန်ုပ်တို့အား ဖန်ဆင်းခဲ့သည်။ ဆိုလိုသည်မှာ ယောကျ်ားနှင့်မိန်းမသည် လိင်ပိုင်းဆိုင်ရာ အာသီသစိတ်၏ ထိန်းချုပ် ထားခြင်းကို မခံရဘဲ အတူတကွ နေနိုင်ကြသည်။ သို့သော် သူတို့နှစ်ဦးသည် တော်လျော်သောအချိန်၌ သူတို့၏လိင်ဆန္ဒကို အပြန်အလှန်လှုံ့ဆော်ပေးနိုင်သည်။ အိမ်ထောင် ရေးဘဝအတွင်း၌၊ ယောကျ်ားနှင့် မိန်းမဖြစ်သူသည် အပြန်အလှန်လှုံ့ဆော်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော လိင်ဆန္ဒကို လိင်ဆက်ဆံခြင်းအား ဖြင့် တရားဝင် ကျေနပ်ဖြေသိမ့်စေနိုင်သည်။ ဘုရားသခင် ရည်ရွယ်ထားသော လိင်ဆက်ဆံမှု ပုံစံမှာ ဤပုံစံဖြစ်သည်။

သို့သော် ဤသို့သော ပြင်းပြသည့် ဆန္ဒများနှင့် စိတ်များသည် အိမ်ထောင်ရေးဘဝအပြင်ဘက်၌လည်း ဖြစ်ပေါ် လာနိုင်သည်။ သို့သော် ဤသို့ပြင်းပြသည့်ဆန္ဒများကို အိမ်ထောင်ရေးဘဝအပြင်ဘက်၌ တရားဝင်မဖြေနိုင်ပါ။ အိမ်ထောင် ရေး အပြင်ဘက်၌ ဆက်ဆံခြင်းသည် မတရားသောမေထုန်၌ မှီဝဲခြင်းဖြစ်ပြီး ဤအပြစ်က လူငယ်များ၌ အပျက်အစီးများစွာ ဖြစ်စေနိုင်သည့် အပြစ်များအနက် တစ်ခုဖြစ်သည်။ ထိုကြောင့် ကျမ်းစာက အိမ်ထောင်ရေးအပြင်ဘက်၌ ပြင်းပြသည့် လိင်ဆန္ဒများအား လှုံ့ဆော်ခြင်းနှင့် ပတ်သက်၍ များစွာ သတိပေးထားသည်။

လိင်၏လှုံ့ဆော်မှု တွန်းအားကို ရေနွေးငွေ့အိုးနှင့် နှိုင်းယှဉ်နိုင်သည်။ ရေနွေးငွေ့အိုး၏အောက်၌ မီးမွှေးသောအခါ၊ အိုးအတွင်းဘက်ရှိရေသည် ရေနွေးငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်။ ဤရေနွေးငွေ့သည် ကြီးမားသည့်ဖိအားအောက်၌ ရှိသော်လည်း သင့်တော်သည့်ထွက်ပေါက်တစ်ခုကို စီမံပေးထားသည်။ လျှပ်စစ်စွမ်းအားကို ထုတ်ပေးသည့် ရေလှည့် စကြာ (Turbine) ကို လှည့်ရန်အတွက် ဤအငွေ့အား အသုံးပြုသည်။ သို့သော် ရေနွေးငွေ့အိုး၏အောက်၌ မီးမွှေးပြီး အငွေ့ထွက်ဖို့ရန် အတွက် ထွက်ပေါက်မရှိပါက အိုးသည် ပေါက်ကွဲသွားလိမ့်မည်။

လိင်သည် ဘုရားသခင်ပေးထားသော ကောင်းမွန်သည့် လက်ဆောင်ဖြစ်သော်လည်း ဖြစ်တည်လာသော ကြီးမား သည့် သင်၏ခန္ဓာပိုင်းနှင့် စိတ်ပိုင်းဖိအားများကို လျော့နိုင်မည့် သင့်တော်သော ထွက်ပေါက် မရှိဘဲ၊ လိင်ပိုင်းအရ စိတ်ဆန္ဒ ပြင်းပြမှုဟူသော မီးကို မမွှေးပါနှင့်။ ကျမ်းစာက အသိအမှတ်ပြုသည့် လုံခြုံ၍ သင့်တော်သော ထွက်ပေါက်မှာ အိမ်ထောင် ရေးပင်ဖြစ်သည်။ အိမ်ထောင်ရေးဘဝ၏ အပြင်ဘက်၌ လိင်ဆန္ဒများကို လှုံ့ဆော်တွန်းအားပေးခြင်းသည် မှားသည်။

ယောကျ်ားများသည် အမြင်အားဖြင့်လည်း လှုံ့ဆော်ခြင်းခံရသည်။

ကျွန်ုပ်တို့၏ စိတ်အာရုံအားလုံးသည် လိင်ပိုင်းအရ လှုံ့ဆော်မှု၌ တစိတ်တဒေသအဖြစ် ပါဝင်သော်လည်း၊ ယောကျ်ားများမှာ ထိတွေ့ခြင်းအားဖြင့်သာမက၊ သူတို့မြင်သောအရာများအားဖြင့်လည်း လှုံ့ဆော် ခြင်းကို ခံရသည်။ အင်္ကျီ ခပ်ကျပ်ကျပ် (သို့)လျှပ်ပေါ်သောအဝတ်အစားကို ဝတ်ထားသောမိန်းကလေးသည် ယောကျ်ားတစ်ဦးအား လိင်ပိုင်းအရ လှုံ့ဆော်နိုင်သည်။ အချို့မိန်းကလေးများက ဒါကိုသိကြသည်။ ယောကျ်ားများအား လှုံ့ဆော်ဖို့ရန်အတွက် သူတို့ ဘယ်လို ဝတ်ရမည်၊ ဘယ်လိုလျှောက်ရမည်၊ ဘယ်လိုထိုင်ရမည်၊ ဘယ်လိုလှုပ်ရှားရမည် စသည်တို့ကို သူတို့သိကြသည်။ ဤသို့လုပ်ခြင်းသည် မှားယွင်းသည်။ အကြောင်းမှာ ယောကျ်ားများအား အပြစ်ရှိသောအတွေးများကို တွေးစေနိုင်သော ကြောင့် ဖြစ်သည်။

မိန်းကလေးတဦးက ဤသို့ပြောခြင်းအားဖြင့် မိမိကိုယ်ကိုကာကွယ်လိမ့်မည်။ ““အကယ်၍သူတို့မှာသာ ဆိုးညစ် တဲ့ စိတ်မရှိဘူးဆိုရင် ဒီလိုမျိုးတွေးမှာမဟုတ်ဘူး”” ကျမ်းစာက အခြားသူတဦးအား အပြစ်ဖြစ် စေခြင်းသည် အပြစ် ဖြစ်သည်ဟု ပြောထားသည်။ ရမ္မက်အားဖြစ်ပေါ်စေသော ရုပ်ပုံများ၊ အပြာမဂ္ဂဇင်းများ၊ အပြာရုပ်ရှင်အား ကြည့်ခြင်းသည် လိင်ပိုင်းရမ္မက်များနှင့် ပြင်းပြသော စိတ်ဆန်္ဒများကို ဖြစ်စေနိုင်သည်။ ကျမ်းစာက ထိုအရာများကိုမလုပ်ရန် သတိ ပေးထား သည်။ နှုတ်ကပတ်တော်က ““….ကိုယ်ကာယ၏ တပ်မက်ခြင်းအလိုငှာ၊ မကြံစည်ကြနှင့်။ ”” ဟုဆိုသည်။ ရောမ ၁၃ း ၁၄

လိင်ကိစ္စသည် အရေးတကြီးပြုလုပ်ရမည့်ကိစ္စ မဟုတ်ပါ။

မည်သည့်အန္တရာယ်မှ မဖြစ်စေဘဲ၊ လိင်၏လှုံ့ဆော်မှုတွန်းအားကို ငြင်းပယ်နိုင်ကြောင်းကို လူငယ်များ သိသင့် သည်။ အစာမစားပါက ကြာရှည်စွာ အသက်မရှင်နိုင်သည့် ဆာလောင်မွတ်သိပ်မှုနှင့် ဤလိင်၏ဆာလောင်မှုသည် မတူညီပါ။ သင်သည် သင့်အပေါ်တွင် ဆိုးရွားသည့် သက်ရောက်မှုများမရှိဘဲ လိင်၏တွန်းအား၊ တနည်းအားဖြင့် ဆာလောင်မှုကို ငြင်းပယ်နိုင်သည်။ လိင်သည် အရေးကြီးသည်မှာ သံသယဖြစ်စရာမလိုသော်လည်း၊ အရေးတကြီး လုပ်ရမည့် ကိစ္စမဟုတ်ပါ။ လူများစွာတို့သည် လိင်ဆက်ဆံမှု မရှိဘဲ သူတို့ဘဝတစ်လျှောက်လုံးကို ပျော်ရွှင်စွာပြည့်ဝစွာ ဖြတ်သန်းနိုင်ကြသည်။

တစ်ခါတစ်ရံ၊ ယောကျ်ားတဦးသည် ပွတ်သတ်ယုယခံရခြင်းနှင့် အခြားသောလှုံ့ဆော်မှုတစ်ခုခုကြောင့် လိင်စိတ် နိုးထလာပြီး၊ သူ့ကောင်းမလေးအား ““ငါတို့ဒီအထိတောင်လုပ်ခဲ့ပြီးပြီးပဲ၊ မင်းငါကိုခွင့်ပြု ပေးရတော့မယ်”” ဟု ပြောလိမ့် မည်။ ဤသို့ပြောခြင်းက အကယ်၍ သူမသာ သူ၏ဆန္ဒကိုမလိုက်လျောပါက ဆိုးဝါးသောအရာတစ်ခုခုသည် သူ၌ ဖြစ်လာ တော့မည်ဟု ထင်ရသည်။ ဤသို့မဟုတ်ပါ။ သူသည် သူမနှင့် လိင်မဆက်ဆံပါက သူ့အပေါ်၌ မည်သည့်ဆိုးဝါးသည့် သက်ရောက်မှုများရှိမည်မဟုတ်ပါ။ သို့သော် ဤအဆင့်အထိ ရောက်ခဲ့ခြင်းသည် ဉာဏ်ပညာရှိသော လုပ်ရပ်မဟုတ်ပါ။

ယောကျ်ားများအတွက် အထူးစကား ။ ။ လူငယ်ယောကျ်ားတဦးသည် လူကြီးအဖြစ်သို့ ကြီးထွားလာသောအခါ၊ သူ၌ပြင်းပြသည့်လိင်ဆန္ဒများရှိလာသည်။ သူ၏ကိုယ်ခန္ဓာသည် သုတ်ကောင်ထောင်ပေါင်းများစွာကို ထုတ်လျှက်ရှိသည်။ ဤသုတ်ပိုးများအား သူ၏ကိုယ်ခန္ဓာထဲတွင် သိုလှောင်ထားသည်။ အကယ်၍ သူသည် လက်မထပ်သေးဘဲ၊ စင်ကြယ်သော ဘဝကို နေထိုင်ပါက၊ သူ၏သိုလှောင်ရုံသည် ပြည့်လျှံသွား သောအချိန်သည် ရောက်လာလိမ့်မည်။ ဤသို့ပြည့်လျှံလာပါက၊ အိပ်ပျော်နေစဉ်အတွင်း ပိုလျှံနေသော အရာများကို ထုတ်ပစ်နိုင်ရန်အတွက် စီမံထားပေးသည်။ ဤအခြင်းအရာကို ညဘက် ထုတ်လွှတ်ခြင်း (သို့) စိုစွတ်သောအိပ်မက်ဟုလည်း ခေါ်သည်။ ဤကိစ္စသည် လူငယ်တစ်ဦး အတွက် သာမာန်သာဖြစ်ပြီး ရှက်စရာအကြောင်းမရှိပါ။

ရမ္မက်နှင့်စပ်လျဉ်း၍ သင်ခန်းစာ။ ။ ဒါဝိတ်မင်းကြီး၏ဘဝမှ ပေးသည့်ကြေးကွဲဝမ်း နည်းဖွယ် ကောင်းသော သင်ခန်းစာ

ရမ္မက်ကိစ္စနှင့်စပ်လျဉ်း၍ သခင်ယေရှုတွင် ပြင်းထန်းသည့် စကားအချို့ရှိသည်။ ယေရှုက ““ငါပညတ်သည်ကား၊ ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ””ဟုဆိုသည်။ မဿဲ ၅ း ၂၈။ ဒါဝိတ်သည် ဘုရားသခင်၏ကြီးမြတ်သူတစ်ဦးဖြစ်သည်။ သူသည် ဆာလံသီချင်းများစွာကို ရေးစပ်ခဲ့သည်။ အစ္စရေး၏ ဘုရင်များအနက် အကြီးမြတ်ဆုံး ဘုရင်တပါး ဖြစ်သည်။ သို့သော် ဒါဝိတ်သည် ရမ္မက်ကို သူ့အားနင်းချေခွင့်ပြုခဲ့ပြီး အဆိုးဆုံးအပြစ်များထဲမှ နှစ်ခုကို ကျူးလွန်ခဲ့သည်။ ထိုနှစ်ခုမှာ သူ့မယားနှင့်ဖောက်ပြားခြင်းနှင့် လူသတ်မှုပင်ဖြစ်သည်။

ကျမ်းစာက မည်သို့ဤကိစ္စဖြစ်ပျက်ခဲ့သည်ကို ပြောပြထားသည်။ တစ်ညတွင် ဒါဝိတ်သည် နန်းတော်၏ အမိုး၌ လမ်းလျှောက်ထွက်နေစဉ်အတွင်း၊ လှပသောမိန်းမတစ်ဦး ရေချိုးနေတာကို တွေ့ခဲ့သည်။ တခါတရံ သင်သည် ပထမဆုံး အကြည့်ကို မရှောင်လွဲနိုင်သော်လည်း၊ ဒါဝိတ်သည် ထပ်ခါတလဲလဲ ကြည့်ခြင်းအားဖြင့် ပြင်းပြသည့် ရမ္မက်စိတ်ကို သူ့နှလုံး အတွင်း၌ ဆူပွတ်စေခဲ့သည်။ သူသည် ဗာသရှေဘ ကို ခေါ်ခိုင်းလိုက်ပြီး သူမနှင့်ဖောက်ပြားခဲ့သည်။

အတန်ကြာပြီးနောက် ဗာသရှေဘက သူမတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို ဒါဝိတ်အား အကြောင်းကြား ခဲ့ သည်။ ဗာသရှေဘ၏ခင်ပွန်းမှာ အဝေးအရပ်၌ စစ်တိုက်ထွက်နေသောကြောင့် သူ၏ ဖောက်ပြားမှုအပြစ်သည် မကြာမီ အချိန်တွင် လူသိရှင်ကြားဖြစ်လာတော့မည်ကို ဒါဝိတ်နားလည်ခဲ့သည်။ သူ၏အပြစ်ကို ဖုံးကာရန်နှင့် ဗာသရှေဘနှင့် လက်ထပ်နိုင်ရန်အတွက် ဒါဝိတ်သည် ဗာသရှေဘ၏ ခင်ပွန်းကို သေစေရန် စီမံခဲ့သည်။ ထို့နောက်သူသည် ဗာသရှေဘနှင့် လက်ထပ်ရန် ဆက်လက်လုပ်ဆောင်သည်။ ဒါဝိတ်သည် သူ၏ဖောက်ပြားမှုနှင့် လူသတ်မှုအပြစ်များကို အောင်မြင်စွာ ဖုံးကာ နိုင်ခဲ့သည်ဟု ထင်ရသော်လည်း ကျမ်းစာက သူသည် ဘုရားသခင်အား စိတ်ပျက်စေခဲ့သည်ဟု ဆိုထားသည်။

ဘုရားသခင်သည် ပရောဖတ်နာသန်ကို ဒါဝိတ်အားရင်ဆိုင်ရန် စေလွှတ်ခဲ့သည်။ ဒါဝိတ်သည် သူ၏အပြစ်များ အတွက် အမှန်တကယ် နောင်တရခဲ့ပြီး ဘုရားသခင်ထံ ဝန်ချတောင်းပန်ခဲ့သည်။ ဒါဝိတ်က ““အိုဘုရားသခင်၊ ကျေးဇူးပြု ချင်သော စေတနာစိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို သနားတော်မူပါ။ စုံမက်တော်မူခြင်း ဂရုဏာ များပြားသည်နှင့် အညီ အကျွန်ုပ်ကျူးလွန်ခြင်းအပြစ်ကို ဖြေတော်မူပါ။ ဒုစရိုက် အညစ်အကြေးကို အကုန်အစင်ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ””ဟုဆိုခဲ့သည်။

ဒါဝိတ်သည် သူ၏အပြစ်များအတွက် အမှန်ပင်စိတ်နှလုံးကျိုးပဲ့ကြေမွခဲ့သည်။ ဘုရားသခင်က ဒါဝိတ်ကို ခွင့်လွှတ်ပြီး သူနှင့်ပြန်လည် မိတ်သဟာယဖွဲ့စေခဲ့သည်။ သို့သော် ဒါဝိတ်သည် သူ့အပြစ်၏ အကျိုးဆက်များကို ရိတ်သိမ်း ခဲ့ရသည်။ ကျမ်းစာက ““အလွဲမယူကြနှင့်၊ ဘုရားသခင်သည် မထီမဲ့မြင် ပြုခြင်းကိုခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည် အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်”” ဟုဆိုသည်။ဂလာ ၆း၇

ဒါဝိတ်၏အပြစ်များကြောင့် ““ဓားလက်နက်””သည် သူ၏အိမ်မှ မထွက်ခွာရဟူ၍ ဘုရားသခင်က ပရောဖက် နာသန်မှတဆင့် ဒါဝိတ်အားကြားပြောခဲ့သည်။ ဤအချက်က ဆိုလိုသည်မှာ ဒါဝိတ်သည် သူ၏မိသားစုအတွင်း၌ ဝမ်းနည်း စရာများနှင့် ကြေကွဲစရာများစွာကို ခံစားရမည်ဟု ဆိုလိုသည်။ ဘုရားသခင်ပြောထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ ဗာသရှေဘနှင့်ရသောသားသည် သေဆုံးခဲ့သည်။ ဒါဝိတ်၏ သားတဦးဖြစ်သူ အာမနုန်သည် ညီမဝမ်းကွဲ တာမာကို မုဒိမ်း ကျင့်ခဲ့သည်။ အခြားသားတဦးက အာမနုန်ကို သတ်ခဲ့သည်။ ဒါဝိတ်၏အခြားသားတဦးဖြစ်သူ အဗရှလုံသည် ဖခင်ကို ဦးဆောင်ပုန်ကန်ခဲ့ပြီး တိုက်ပွဲ၌ ကျဆုံးခဲ့သည်။ ဤအရာတို့မှာ ဒါဝိတ်အပြစ်များ၏ ဆိုးရွာသော အကျိုးဆက်များထဲမှ အချို့ ဖြစ်သည်။

ဒါဝိတ်၏ကြီးမားသောအပြစ်များကို လေ့လာခြင်းအားဖြင့် အရေးကြီးသင်ခန်းစာ ၂-ခုကိုရရှိသည်။

ကျွန်ုပ်တို့၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့လုပ်ဆောင်မှု၏အကျိုးဆက်ကိုမူ ရိတ်သိမ်း ရမည်။

အချို့သောအပြစ်များသည် ဆိုးဝါးသည့် တစ်ဘဝစာအကျိုးဆက်များရှိသည်။

““ဒါမျိုး ကျွန်တော့်မှာမဖြစ်ပါဘူး”” ဟုသင်ကပြောလိမ့်မည်။ ဖြစ်နိုင်ပါသည်။ ဒါဝိတ်သည် ဝိညာဉ် ရေးအရ ရင့်ကျက်သန်မာသူဖြစ်သော်လည်း၊ သူ၏လိင်ဆန္ဒ လှုံ့ဆော်ခြင်းခံရခြင်းကို အခွင့်ပေးခဲ့ပြီး ရမ္မက်အား ကျော်လွှား နိုင် လောက်အောင် မရင့်ကျက်ခဲ့ပါ။ သင်သည်လည်း သင်၏လိင်ဆန္ဒလှုံ့ဆော်ခံရ ခြင်းကို အခွင့်ပေးပါက၊ သင်၏ရမ္မက်စိတ်ကို နင်းချေနိုင်လိမ့်မည်မဟုတ်ပါ။ လိင်ဆန္ဒကို အဆက်မပြတ် လှုံ့ဆော်ပေးနေပါက၊ အပြစ်လုပ်မိမည်မှာ သေချာသည်။ ကျမ်းစာက ““မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည်၊ ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရ လိမ့်မည်။””ဟုဆိုသည်။ ဂလာ ၆ း ၈

လိင်နှင့်စပ်လျဉ်း၍ ဘုရားသခင်စည်းမျဉ်းများ

ဤကောင်းမွန်သော လိင်ဆိုသည့် လက်ဆောင်ကို ကာကွယ်ရန်အတွက်၊ ဘုရားသခင်က စည်းမျဉ်းအချို့နှင့် ပညတ်အချို့ကို ကျွန်ုပ်တို့အား ပေးထားသည်။ ၎င်းတို့ထဲမှ အချို့ကို ကြည့်ကြပါစို့။

(စည်းမျဉ်း၁) မတရားသောမေထုန်၌မှီဝဲခြင်းကိုရှောင်ကြဉ်ပါ။

မတရားသောမထုန်၌ မှီဝဲခြင်းဆိုသည်မှာ လက်မထပ်ရသေးသော ယောကျ်ားနှင့်မိန်းမတို့ ဆက်ဆံ ကြခြင်းကို ဆိုလိုသည်။ ဤအပြစ်သည် အလွန်ဆိုးသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။ ကျမ်းစာက ““ ….ကိုယ်ခန္ဓာသည် မတရားသောမေထုန်အဖို့ ဖြစ်သည်မဟုတ်။ ….မတရားသောမေထုန်ကိုကြဉ်ရှောင် လော့။ …မတရားသောမေထုန်ကို ပြုသောသူသည် မိမိကိုယ်ကိုပင် ပြစ်မှား၏””ဟုဆိုသည်။

(စည်းမျဉ်း ၂) အခြားသူများအား အပြစ်လုပ်မိစေရန် မသွေးဆောင်ပါနှင့်။

ကျမ်းစာက ယောကျ်ားတဦးသည် သူ၏စိတ်နှလုံးအတွင်း၌ မိန်းမတဦးကို တပ်မက်ခြင်းသည် အပြစ်ဖြစ်သည်ဟု ပြောသည်။ ဤကဲ့သို့ပင် မိန်းမတဦးဘက်မှလည်း ယောကျ်ားများ ရမ္မက်စိတ်နိုးထလာအောင် တမင်သက်သက် ဝတ်ဆင် ပြုမူခြင်းသည် အပြစ်ဖြစ်သည်။ အချို့သောမိန်းကလေးများသည် ယေကျ်ားလေးများ သူတို့ကို တပ်မက်လာအောင် ဝတ်စား ဆင်ယင်၍ ပြုမူလုပ်ဆောင်ကြသည်။ သူတို့က ““အဲဒါ ယောက်ျားတွေ့ရဲ့ပြဿနာ” ပဲ ဟူ၍ ပြောနိုင်သော်လည်း၊ တနေ့တွင်မူ အခြားသူများအား အပြစ်ဖြစ် စေခြင်းအတွက် ဘုရားသခင်ရှေ့တွင် ဖြေရှင်းချက်ပေးရမည်ဖြစ်သည်။

(စည်းမျဉ်း ၃) သင့်အား အပြစ်လုပ်မိစေရန် အခြားသူများ၏သွေးဆောင်ခြင်းကို ငြင်းပယ်ပါ။

ယေရှုက ““ဒုစရိုက်ကိုပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏။””ဟုဆိုသည်။ အချို့သော သူတို့သည် သူတို့၏လိင်ပိုင်းအရ ကိုယ်ကျင့်တရားမကောင်းမှု၌ ဝမ်းမြောက်နေကြပြီး၊ အခြားသူတို့အားလည်းသူတို့၏ အဆင့်သို့ နိမ့်ဆင်း စေလိုကြသည်။ သူတို့က လုပ်ချင်တာမှန်သမျှလုပ်ရသည်မှာ ““လွတ်လပ်””ကြောင်း ပြောကြသော်လည်း၊ အမှန်မှာ သူတို့သည် တချိန်လုံး၌ သူတို့၏အပြစ်များ၏ ချည်နှောင်ထားခြင်းခံထားရသည်။ ကျမ်းစာက ““လွှတ်ခြင်း အခွင့် ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက် ခြင်း၏ ကျွန်ဖြစ်ကြ၏။”” ဟုဆိုသည်။ ၂ပေ ၂း၁၉

(စည်းမျဉ်း ၄) ပုံမှန်မဟုတ်သော လိင်ဆန္ဒများကိုရှောင်ကြဉ်ပါ။

ပုံမှန်ယောက်ျား-မိန်းမ လိင်ဆက်ဆံမှုမှ သွေဖယ်ခြင်းမှန်သမျှသည် ဘုရားသခင်ကျွနု်ပ်တို့အတွင်း ၌ထည့်သွင်းထား သော လိင်သဘာဝကိုအလွဲသုံးစားလုပ်ပြီး မှားယွင်းစွာအသုံးပြုခြင်းပင်ဖြစ်သည်။ ဘုရားသခင်က ““မိန်းမနှင့် ပေါင်းဘော် သကဲ့သို့၊ ယောကျ်ားချင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည် ရွံ့ရှာ ဖွယ်သောအမှု(အပြစ်)တို့ကို ပြုသောကြောင့်၊ …””ဟုဆိုသည်။ ဝတ်ပြု ၂၀း၁၃ ကျမ်းစာက ဘုရားသခင်သည် သောဒုံမြို့နှင့်ဂေါမောရမြို့ကို ဖျက်ဆီးခဲ့ခြင်းမှာ သူတို့သည် လိင်တူဆက်ဆံမှုကို ကျယ်ကျယ် ပြန့်ပြန့် လုပ်နေသောကြောင့်ဖြစ်သည်ဟု ပြောထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ဤသို့ ဖျက်ဆီးခဲ့ခြင်းမှာ ဘုရားသခင်၏အလိုတော်နှင့်မညီသော အရာများကို သတိပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

(စည်းမျဉ်း၅) မကျီစယ်ပါနှင့်။

ကျီစယ်ခြင်းဆိုသည်မှာ အခြားသူတဦး၏ လိင်ဆန္ဒကို တမင်တကာလှုံ့ဆော်ပေးခြင်းကို ဆိုလိုသည်။ အခြား သူတဦး၏ ရမ္မက်မီးကို မမွှေးပေးပါနှင့်။ ဘုရားသခင်၏အမြင်၌ ဤသို့လုပ်ခြင်းသည် အပြစ် ဖြစ်သည်။

(စည်းမျဉ်း ၆) သင့်ကိုသင်သန့်ရှင်းစေပါ။

ဤစည်းမျဉ်းက ဆိုလိုသည်မှာ လိင်ပိုင်းအရ ဖောက်ပြားမှုအားလုံးကို ရှောင်ကြဉ်ရမည်ဟု ဆိုလို ခြင်းဖြစ်သည်။ သင်၏အနာဂတ်အိမ်ထောင်ဖက်အား သင်ပေးနိုင်သော အကောင်းဆုံးလက်ဆောင်မှာ သင်၏သန့်ရှင်းစင်ကြယ်ခြင်း ပင် ဖြစ်သည်။ ဤအချက်သည် မိန်းကလေးများနှင့်သာမက ယောကျ်ားများ နှင့်လည်း သက်ဆိုင်သည်။

(စည်းမျဉ်း ၇) တနေ့တွင်အခြားသူတဦးက တရားဝင်ပိုင်ဆိုင်မည့်အရာကို ယူလည်းမယူပါနှင့်။ ပေးလည်းမပေးပါနှင့်

မတရားသောမေထုန်၌ မှီဝဲခြင်းသည် အလွန်မှားယွင်သည်။ မိမိ၏အပျိုစင် ဘဝကို စွန့်လွှတ်သော မိန်းကလေး သည် သူမ၏အနာဂတ်ခင်ပွန်းပိုင်ဆိုင်သောအရာကို အခြားသူတဦးအား ပေးလိုက်ခြင်း ပင်ဖြစ်သည်။ သူမ၏လိင်ဆက်ဆံ ဖက် မှာလည်း သူမကဲ့သို့ပင် အပြစ်ရှိသည်။

(စည်းမျဉ်း ၈) ရမ္မက်စိတ်ကို နိုးထလာစေသောအရာများကို ရှောင်ပါ။

အိမ်ထောင်ရေးဘဝ၏ အပြင်ဘက်၌ လိင်ဆန္ဒကိုနှိုးဆော်ခြင်းနှင့် စပ်လျဉ်း၍ ကျမ်းစာက သတိ ပေးထားသည်။ ကျမ်းစာက ““လူပျိုတို့၏ တပ်မက်ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင်လော့””ဟုဆိုသည်။ ၂တိ ၂ း ၂၂ တပ်မက်ခြင်း စိတ် ကို ကြဉ်ရှောင်လော့ဟု ဆိုရာ၌ ရမ္မက်စိတ်ကို ဖြစ်ပေါ်စေသော အရာအားလုံးကို လုံးဝငြင်းပယ်ရမည်ဟု ဆိုလိုသည်။ ရမ္မက်စိတ်သည် အန္တရာယ်ကင်းမဲ့သည်ဟု ထင်ရသော်လည်း သေစေနိုင်သောအရာပင်ဖြစ်သည်။

ယောကျ်ားတဦးသည် ယနေ့ညတွင် ဒိတ်လုပ်ထားသည်ဆိုပါစို့။ သူသည် အိမ်မှမထွက်မီ ရမ္မက် စိတ်ကို နိုးထ စေသော မဂ္ဂဇင်းတစ်အုပ်ကိုဖတ်သည်။ သူ၏လိင်ဆန္ဒကို လှုံ့ဆော်သောရုပ်ပုံများအားကြည့်ပြီး စားသားများနှင့် သံစဉ်များ က ရမ္မက်စိတ်ကို နိုးကြွစေသောသီချင်းအား နားထောင်သည်။ ထို့နောက် သူသည် သူ့ကောင်မလေးကို သွားကြိုပြီး ရုပ်ရှင်ရုံသို့သွားခဲ့သည်။ သူတို့သွားကြည့်သည့်ရုပ်ရှင်မှာလည်း ရမ္မက်နှင့်ပြည့်နှက်နေပြီး လိင်ဆန္ဒကို ပြင်းပြစေသော ရုပ်ရှင်မျိုးဖြစ်သည်။ သူသည် တပ်မက်ခြင်းကိလေသာစိတ်ကို ရှောင်ကြဉ်နေသလော။ မရှောင်ကြည်သည့်အပြင် ပို၍ ပြင်းပြလာအောင်လုပ်နေခြင်းပင် ဖြစ်သည်။ ရုပ်ရှင်ပြီးနောက် သူတို့သည် ချိန်ချက်ထားသောနေရာ၌ကားကို ပါကင် ထိုးလိုက်သည်။ နှစ်ဦး စလုံးမှာ သူတို့မြင်သောအရာ၊ ကြားသောအရာများအားဖြင့် လှုံ့ဆော်ခြင်းကို ခံထားရပြီး ဖြစ်သောကြောင့် တဦးကိုတဦး ပွတ်သတ်ပြီးနောက် မကြာမီ လိင်ဆက်ဆံကြတော့မည်ဖြစ်သည်။ ထိုသို့ဖြစ်လာသည်ကို အံ့သြစရာလိုပါသလား။ မလိုပါ။ အမှန်မှာ အစပိုင်းတွင် သူတို့လုပ်ခဲ့သောအရာများ၏ ဖြစ်လေ့ဖြစ်ထရှိသော အကျိုးဆက် ပင်ဖြစ်သည်။ ကျမ်းစာက ““လူသည် အဝတ်မပါဘဲ၊ လောင်သောမီးကို ပိုက်နိုင်သေလာ။ ခြေမလောင်ဘဲ မီးခဲပေါ်မှာ နင်းနိုင်သလော”” ဟုဆိုသည်။ သု ၆ း ၂၇ သင်သည် မီးလောင်နေသောမီးခဲပေါ် ၌ သင့်ခြေထောက်မီးမလောင်အောင် မလျောက်နိုင်သကဲ့သို့၊ လိင်ပိုင်းအရလှုံ့ဆော်မှုကို စဉ်ဆက်မပြတ် ရှာဖွေနေပါက အပြစ်လုပ်မိမည်သာဖြစ်သည်။

လိင်သည် ဘုရားသခင်ပေးထားသည့် ကောင်းမွန်သောလက်ဆောင်ဖြစ်သည်။

လိင်သည် နှစ်လိုဖွယ်ဘုရားသခင်က ပေးထားသောလက်ဆောင်ဖြစ်သည်။ ဤအရာက အိမ်ထောင် ရေးတစ်ခုကို ပိုမိုသန်မာစေပြီး၊ ဘဝအသက်တာကို နိုးကြားထကြွစေသည်။ ဤအတွေ့အကြုံသည် ပျော်ရွှင်ကြည်နူးဖွယ် ကောင်းလှ သော အတွေ့အကြုံဖြစ်သောကြောင့်၊ ယောကျ်ားနှင့်ဇနီးမယားကို တလုံး တဝတည်းပင်ဖြစ်စေသည်။ ကျမ်းစာက ““….ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်။””ဟုဆိုသည်။ ဧဖက် ၅ း ၃၁ တလုံးတဝတည်း ဖြစ်သည် ဆိုရာ၌ ခန္ဓာပိုင်းအရ တလုံးတဝတည်း ဖြစ်ခြင်းသာမဟုတ်ဘဲ လူနှစ်ဦး၏ ခန္ဓာဝိညာဉ်အားလုံးသည် ပေါင်းစပ် သွားခြင်းပင်ဖြစ်သည်။ လိင်ဆက်ဆံမှု၏ အမြင့်မားဆုံးသောပျော်ရွှင်မှုအား ယောကျ်ားနှင့်ဇနီးနှစ်ဦးလုံးသည် ခရစ်ယာန် များ ဖြစ်ကြပြီး သခင်၌ တလုံးတဝတည်းဖြစ်ချိန်တွင်ရရှိသည်။ ဤသို့ဖြစ်ပါက သူတို့သည် ကမ္ဘာပေါ်တွင် မခံစားရနိုင်သော တလုံးတဝတည်းဖြစ်မှုကို တွေ့ကြုံခံစားရမည်ဖြစ်သည်။ ဘုရားသခင်က အိမ်ထောင်ရေးအတွင်းရှိ လိင်ဆက်ဆံမှုကိုသာ ကောင်းချီးပေးသည်။ နှုတ်ကပတ်တော်၌ ဘုရားသခင်က ““သင်၏စမ်းရေးတွင်း၌ မင်္ဂလာရှိစေ၍ အသက်ပျိုရွယ်စဉ်ကာလ၊ ပေါင်းဘော်သောမယားနှင့်အတူ၊ ပျော်မွေ့လော့””ဟုဆိုသည်။

ဘုရားသခင်သည် အိမ်ထောင်ရေးဘဝရှိ ချစ်ရေးချစ်ရာကို ထောက်ခံကြောင်းကို အထက်ပါကျမ်း ပုဒ်အား ကြည့်ခြင်းဖြင့် သိနိုင်သည်။ ဘုရားသခင်သည် ဝမ်းမြောက်ဖွယ် အိမ်ထောင်ရေးနှင့် သာယာသော အိမ်လေးကို မြင်လို သည်။ သင်သည် နှစ် ၄၀ ကြာ အိမ်ထောင်ရေးဘဝ၌ ကျင်လည်နေပါက၊ ဘုရားသခင် က သင်နှင့်သင့်ဘဝအဖေါ်အား အချစ်များဖြင့် ပြည့်လျက်ရှိသော နှစ်၄၀ ကို ရရှိစေလိုသည်။ အောက်ပါ ဇယားကိုကြည့်ခြင်းအားဖြင့် သင်၏ဒိတ်လုပ်သည့် အချိန်မှာ တိုတောင်းပြီး လက်ထပ်ထားသည်နှစ်များမှာ များစွာကြာရှည်ကြောင်းကို သိနိုင်သည်။

သင်နှင့်သင့်တော်သောသူ၊ မှန်သောအချိန်နှင့် မှန်ကန်သောအခြေအနေမျိုးကို စောင့်ဆိုင်းခြင်းသည် သင့်ဘ၀ အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ ဤအချက်သည် ကောင်းမွန်သော လက်ဆောင်ဖြစ်သည့် လိင်နှင့်လည်း သက်ဆိုင် သည်။ သင်သည် ခဏတာမျှပျော်ရွှင်ကျေနပ်မှုကို ရွေးချယ်နိုင်သော်လည်း၊ နောက်ပိုင်းတွင် သင်ပြုသောအမှု၏ ခါးသီး သော အသီးများကို ရိတ်သိမ်းရလိမ့်မည်။ ထိုသို့မဟုတ်ဘဲ သင်သည် မှန်သောလူ၊ မှန်ကန်သောအချိန်ကို စောင့်ဆိုင်း နိုင်ပြီး နှစ်ပေါင်းကြာရှည်စွာ လိင်ကိစ္စကို သင့်လက်တွဲဖော်နှင့်အတူ အပြည့်အ၀ ခံစားနိုင်သည်။

လိင်သည် ကစားပွဲမဟုတ်သလို ကစားစရာအရုပ်လည်းမဟုတ်ပါ။ အိမ်ထောင်ရေးဘဝ၏ တဦးကို တဦး ဆက်ကပ် အပ်နှံထားမှုနှင့် လုံခြုံမှုအောက်၌ ဝမ်းမြောက်စွာခံစားရမည့်အရာဖြစ်သည်။

အနှစ်ချုပ်ပါက၊ ခဏတာစိတ်လှုပ်ရှားသာယာမှုအတွက် လိင်ဆက်ဆံမှု၏ ရေရှည် အကျိုးအမြတ် အခွင့် ထူးများ ကို မစွန့်လွှတ်ပါနှင့်။

သင်၏ချစ်ခင်စုံမက်ခြင်းစိတ်ကို စောင့်ထိန်းပါ။

ကျွန်ုပ်တို့သည် စိတ်လှုပ်ရှားမှုကို ယခုပင်ရလိုကြသည်။ စိတ်ရှည်သည်းခံမှုရှိရန် ကျွန်ုပ်တို့အတွက် မလွယ်ကူပါ။ သင်၏ချစ်ခင်စုံမက်သောစိတ်ကို စောင့်ထိန်းရန်မှာ မလွယ်ကူပါ။ သင်၏လိင်ဆန္ဒအာသီသ ကို ငြင်းပယ်ရန်မှာလည်း မလွယ်ကူပါ။ အိမ်ထောင်ရေးဘဝ၏ အပြင်ဘက်မှာ လိင်ပိုင်းဆိုင်ရာကိစ္စများ၌ ပျော်မွေ့နေကြသောသူများကို အားမကျ မိအောင် စိတ်ကိုထိန်းဖို့ရန်လည်း မလွယ်ကူပါ။ သို့သော် ဘုရား သခင်၏ နည်းလမ်းသည်သာ အကောင်းဆုံးဖြစ်သည်။

လူငယ်များပြောကြသည့် ““ဂိတ်ဆုံးသွားပြီ””ဆိုသည့်စကားမှာ ဈေးပေါသောလိင်သာဖြစ်သည်။ အဖိုးထိုက်သော အချစ် မှာ အခြားအရာတစ်ခုဖြစ်သည်။ လူနှစ်ဦးသည် တဦးကိုတဦးပေးအပ်ထားပြီး အိမ်ထောင်ရေးဘဝ၌ လုံခြုံစိတ်ချမှု ရှိစွာ အသက်ရှင်နေထိုင်ကြချိန်တွင် ဤသို့သောအဖိုးထိုက်သည့် အချစ် ကိုခံစားရသည်။

ဤသင်ခန်းစာကို ရေးသောသူအနေဖြင့် ကျွန်တော်အကြောင်းကိုလည်း နည်းနည်းပြောပြပါရစေ။ ကျွန်တော့် မိန်းမနှင့် ကျွန်တော်သည် အချစ်ဖြင့်ပြည့်နှက်လျက်ရှိသော ၆၅ နှစ်တာကို အတူဖြတ်သန်းလာကြပြီး နောက်ထပ် နှစ်တွေ ကို လည်း အတူဖြတ်သန်းနိုင်ဖို မျှော်လင့်ထားပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ကလေး ၆-ယောက်ပေးထားပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ရက်တွေကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဝမ်းနည်းကြေကွဲစရာ ကိစ္စနဲ့လည်း တွေ့ကြုံ ဖူးပါ တယ်။ ကျွန်တော်တို့ရဲ့ အကြီးဆုံးသားဟာ အသက် (၇)နှစ်မှာ ကားမတော်တဆဖြစ်မှုနဲ သေဆုံးခဲ့ပါတယ်။ ကျွန်တော်တို့ လက်ထပ်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ဟာ ချစ်ရည်လူးနေပါတယ်။ သို့သော် နှစ်ပေါင်းကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ အချစ် ဟာ ပိုပြီးနက်ရှိုင်းသန်မာလာပါတယ်။ ယောကျ်ားတစ်ဦးနဲ့ ချစ်ကျွမ်းဝင်နေတဲ့အချိန်မှာ ရှိသင့်တဲ့ထူးခြား တဲ့လှပမှုမျိုး ကျွန်တော့်မိန်းမမှာရှိပြီး သူမချစ်တဲ့သူ ချစ်မြတ်နိုးခြင်းကို ခံရတာကိုလည်း သူမသိခဲ့ပါတယ်။

ကျွန်တော်တို့ဟာ လက်မထပ်မီ မိမိကိုယ်ကို စောင့်ရှောက်နိုင်ခဲ့ပြီး လိင်ကိစ္စတွေနဲ့ မပါဝင်မပတ် သက် မိခဲ့တဲ့ အတွက် ဘုရားသခင်အား ကြိမ်ဖန်များစွာ ကျေးဇူတင်ခဲ့တယ်။ ကျွန်တော်တို့ဟာ ချစ်သူတွေ ဖြစ်ဆဲဖြစ်ပြီး လက်ချင်း ချိတ်လျက်ရှိတုံးပါပဲ။ ဒီနှစ်တွေတစ်လျှောက်လုံးမှာ တစုံတဦးနဲ့ချစ်ကျွမ်းဝင်နေ ရတာ ဟာ အလွန်ကောင်းမွန်ခဲ့ပါတယ်။

သင်က ““သိပ်လှပတဲ့ချစ်ပုံပြင်ပဲ””ဟု ပြောလိမ့်မည်။ ဟုတ်ပါတယ်။ ဘုရားသခင်ရည်ရွယ်ထားသော အိမ်ထောင်ရေးဘဝမှာ ထိုကဲ့သို့ဖြစ်သည်။ သင်၏အိမ်ထောင်ရေးကိုလည်း ထိုကဲ့သို့ပင်ဖြစ်စေလိုသည်။

သင်းအုပ်ဆရာ George Gardner ၏သက်သေခံချက်
ဆယ်ကျော်သက်လေးတဦးသည် ကျွန်တော်၏စာကြည့်ခန်းထဲသို့ဝင်လာပြီး ဤသို့ရင်ဖွင့်ခဲ့သည်။ ““ဆရာ၊ ဆရာနဲ့စကားပြောလို့ရမလား၊ ကျွန်မမှာ ပြသနာတစ်ခုရှိနေတယ်”” ““ဘာကိစ္စလဲ””ဟု ကျွန်တော် မေးလိုက်သည်။ ““ကျွန်မနဲ့ ချိန်းတွေ့တဲ့သူတွေနဲ့ပတ်သက်ပါတယ်”” ““သမီးချိန်းတွေ့တဲ့သူတွေက ဘာမှား နေလို့လဲ”” ““ကျွန်မ မသိဘူးရှင့်။ သူတို့က အမြဲတမ်းအမှားအယွင်းတွေနဲ့ပဲ အဆုံးသတ်သွားတယ်။ ကျွန်မ သိလာတာတစ်ခုက ကျွန်မ ခရစ်ယာန်မဖြစ်မီ ဒိတ်လုပ်ခဲ့တဲ့သူတွေထက် ဘုရားကျောင်းက ကောင်းလေး တွေကအများကြီး ပိုသွက်နေတယ်လို့ ကျွန်မ ထင်တယ်။ ကံမကောင်းစွာနဲ့ပဲ အဲဒီအချက်က မှန်နေတယ်ရှင့်။ သူမကဤသို့ဆက်ပြောသည် ““ကျွန်မ ဘာဆက် လုပ်ရမလဲ? ကျွန်မသခင်ကို အစေခံလိုတယ်။ ခရစ်ယာန်တဦးဖြစ်လိုတယ်။ ကျွန်မဟာ သက်သေခံကောင်းတဦးဖြစ်လိုပြီး သန့်ရှင်းစေင်ကြယ်လိုတယ်။ ကျွန်မဘာလုပ်ရမလဲ၊ ကျွန်မအပျိုကြီးမဖြစ်လိုဘူး”” ထိုအခါ ကျွန်တော်က ““ကလေး၊ မင်းအပျိုကြီးဖြစ်စရာ အကြောင်းမရှိပါဘူး။ ငါ့ကိုယုံပါ။ ဒါပေမယ့် သမီးလုပ်ရမယ့်အရာရှိတယ်။ “ကောင်းပြီး ကျွန်မ ဘာလုပ် ရ မလဲ”ဟုသူမက မေးသည်။ “သမီးကိုတစ်ခုမေးပါရစေ။ သမီးနဲ့ဒိတ်လုပ်နေတဲ့ ကောင်လေးက ခရစ်ယာန် လား? ဆရာ၊ သူ့ကိုသိပါတယ်။ “မိမိကိုယ်ကိုခရစ်ယာန်ပါလို့ ဝန်ခံတဲ့ကောင်လေးတဦးပါ” “သမီးကလည်း ခရစ်ယာန်ပဲ၊ ဟုတ်တယ်မဟုတ်လား။” “ဟုတ်ကဲ့ရှင်” “သမီးရဲ့ ဒိတ်နှင့်ပတ်သက်ပြီး ဆုတောင်း ပေးမယ် ဆိုတဲ့ အတွေးမျိုး သမီးမှာ ရှိခဲ့ဖူးလား?” “ဒိတ်လုပ်ထားတဲ့သူနဲ့ပတ်သက်ပြီး ဆုတောင်းပေးရမယ်၊ ဟုတ်လား?” “ဟုတ်တာပေါ့ သမီး၊ ဘာများ ထူးဆန်း နေလို့လဲ” “သမီးနဲ့ဒိတ်လုပ်ထားတဲ့သူအတွက် ဆုတောင်းပေးရင်၊ သမီးဟာပျော့ညံ့တယ်လို လူတွေက ထင်မှာ ပေါ့ရှင့်” လူငယ်စည်းဝေးပွဲ၊ ကွာယာမတိုင်မီ၊ Sundayschool တို့အတွက်ဆိုရင်တော့ ဆုတောင်း ပေးရမှာပေါ့။ ဒါပေမယ့် ဘယ်သူက ဒိတ်လုပ်ထားတဲ့ သူနဲ့ပတ်သက်ပြီး ဆုတောင်းပေးမှာလဲ” “သမီးပြောတာကို နားထောင်ပြီး ဆရာ စဉ်းစား မိတာက သမီးကစပြီး ဘာကြောင့်မလုပ်ရမှာလဲ သမီးဒိတ်လုပ်ထားတဲ့သူအပေါ်မှာ ကောင်းချီး ပေးဖို့ ယခုပင် ဆုတောင်း လိုက်ပါ။” “ဟုတ်ကဲ့ရှင့်၊ ဒီလိုလုပ်ခြင်းက အခြေအနေကို ပြောင်းလဲသွားစေမှာပဲ ဆရာ လုပ်စေလိုတာက အဲဒီလိုလား၊ ကြိုးစားကြည့်ပါမယ်ရှင်” “သခင်က ဆုတောင်းပဌာနာပြု”ဟု ပြောထားတာပဲ။ ထိုသို့ဆုတောင်းခြင်းက ဘာများ မှားနေ လို့ လဲ၊ သမီ”။

ထိုသို့ ဆုတောင်းပေးရန်အတွက် သူမ တစ်ခါမှ မစဉ်းစားဖူးပေ။ သို့သော် သူမသည် ကျွန်တော်၏ အကြံဉာဏ် ကို လက်ခံလိုက်ပြီး ကြိုးစားကြည့်ခဲ့သည်။ နှစ်ပတ်ခန့်ကြာပြီးနောက် သူမပြန်ရောက်လာသည် သူမ၏မျက်နှာမှာ ပြုံးဖြီးဖြီး ဖြစ်နေသည်။ “အခြေအနေဘယ်လိုလဲ၊ သမီး”ဟု ကျွန်တော်ကစူးစမ်းလိုက်သည် ““အရမ်းကောင်းတာပဲရှင်”” ““ဘာတွေ ဖြစ်ခဲ့လဲသမီး”” ““သမီးကောင်းလေးက၊ သမီးကိုအိမ်မှာလာကြိုပြီး ကားထဲကိုအတူ ဝင်ပြီးနောက်၊ ကားစက်မနှိုးခင်မှာ သမီးက “ခဏစောင့်ပါဦး” “ဘာကြောင့်လဲ”ဟု သူကပြောသည်။ “ကျွန်မတို့ ဒီညဘာလုပ်ကြမလဲ” “ငါမသိဘူးလေ” “ဒါဆို ကျွန်မ အခုဘာလုပ်ချင်လဲဆိုတာကို ရှင့်ကိုပြောပြမယ်” “ဘာလုပ်ချင်လို့လဲကွာ” “ကျွန်မတို့ ယခု ဒိတ်လုပ်တာအတွက် ဆုတောင်းချင်တယ်”။ သူ၏မျက်နှာကို သံပရာသီးနှင့်ပေါက်တာတောင်မှ သူ အဲ့ဒီလောက် အံ့သြ သွားလိမ့်မယ်လို့ မထင် ဘူးရှင်။ သူကတအံ့တသြဖြင့် ““မင်း၊ ဘာပြောလိုက်တယ်” မင်းလုပ်ချင်တာကဘာ?” “ကျွန်မတို့က ခရစ်ယာန်တွေ မဟုတ်လား” “ဟုတ်တယ်” ဒါဆို ဘာကြောင့် ကျွန်မတို့ချိန်းတွေ့တာနဲ့ပတ်သက်ပြီး ဆုမတောင်းရမှာလဲ၊ ရှင်က ကျွန်မတို့ ဒိတ်လုပ်တာအတွက် ဆုတောင်းပေးပါလား။ “ငါဆုမတောင်းဘူး၊ ဒါကမင်းအိုင်ဒီယာပဲ၊ မင်းပဲ ဒါနဲ့ ပတ်သက်ပြီး ဆုတောင်းပါ။” ထိုအခါ ကျွန်မက သခင်၏လက်တော်ကို ကျွန်မတို့နှစ်ဦးအပေါ်ထားရှိရန် သက်သေခံ ကောင်းများ ဖြစ်ရန် နှင့် ပျော်ရွှင်ဖွယ်ကောင်းသော အချိန်လေးကို အတူတကွဖြတ်သန်းနိုင်ရန်အတွက် ဆုတောင်းခဲ့သည်။ ““ဆရာ၊ သမီး လုပ်ခဲ့တဲ့ ဒိတ်တွေထဲမှာ အဲ့ဒီဒိတ်ဟာ အကောင်းဆုံးပါပဲ”။ အခြေအနေတွေဟာ အလွန်ကောင်းနေပါတယ်။ အရင်က မသိရှိ၊ မခံစားဖူးတဲ့ ရိုသေလေးစားမှုကိုလည်း ခံစားရပါတယ်။

မေးခွန်းများ (မှန်/မှား)၏

၁။ လိင်၏လှုံ့ဆော်မှု့၊ တွန်းအားသည် အပြစ်မရှိသော်လည်း ဘုရားသခင်က ဤလှုံ့ဆော်မှုဆန္ဒကို ထိန်းချုပ်ထားရန် ပြောထားသည်။

၂။ မတရားသောမေထုန်၌မှီဝဲခြင်းသည် အဓိကအပြစ်ကြီးတစ်ခုမဟုတ်ပါ။

၃။ မိန်းခလေးများသည် ထိတွေ့ခြင်းအားဖြင့် ကနဦးအဆင့်လှုံ့ဆော်ခြင်းကိုခံရသော်လည်း၊ ယောကျ်ားများမှာမူ ထိတွေ့ခြင်းအားဖြင့်သာမက၊ သူတို့မြင်သောအရာများအားဖြင့်လည်း လှုံ့ဆော် ခြင်းကိုခံရသည်။

၄။ လိင်ဆက်ဆံမှုသည် အရေးတကြီးလုပ်ရမည့်ကိစ္စမဟုတ်ပါ။ လိင်၏တွန်းအား၊ လှုံ့ဆော်မှုကို ငြင်းပယ်ခြင်းအားဖြင့် သင်၌မည်သည့်အန္တရာယ်မျှ ကျရောက်လာမည်မဟုတ်ပါ။

၅။ ကျွန်ုပ်၏အပြစ်များသည် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း၊ ကျွန်ုပ်တို့လုပ်ဆောင်ခဲ့မှု၏ အကျိုးဆက်ကိုမူ ရိတ်သိမ်း ရမည်။

၆။ ဘုရားသခင်က သောဒုံနှင့်ဂေါမောရမြို့ကိုဖျက်ဆီးခဲ့ခြင်းမှာ လိင်တူဆက်ဆံမှုသည် ထိုမြို့တို့၌ အလွန်များပြားသော ကြောင့် ဖြစ်သည်ဟု ပြောထားသည်။

၇။ ကျီစယ်ခြင်းအားဖြင့် လိင်ကိစ္စတို့ကို မလုပ်မိပါက၊ ကျီစယ်ခြင်းသည် “အိုကေ” ပါသည်။

၈။ တနေ့တွင် တစုံတဦးက တရားဝင်ပိုင်ဆိုင်မည့်အရာကို ယူလည်းမယူသင့်သလို၊ ပေးလည်း မပေး သင့်ပါ။

၉။ လိင်ပိုင်းအရ လှုံ့ဆော်မှုကို စဉ်ဆက်မပြတ် ရှာဖွေနေပါက သင်သည် လုပ်မိမည်သာဖြစ်သည်။

၁၀။ လိင်ဆိုသည်မှာ အိမ်ထောင်ရေးဘဝ၏ လုံခြုံစိတ်ချမှုနှင့် ဆက်ကပ်အပ်နှံမှုအတွင်း၌ ဝမ်းမြောက် စွာ အသုံးပြုရမည့် ဘုရားသခင်၏ လက်ဆောင်ဖြစ်သည်။