အာဒံနှင့်ဧဝ

အာဒံနှင့်ဧဝ
(ပထမဦးဆုံးလူသားနှင့် အသက်ရှင်သူအပေါင်းတို့၏အမိ)

ဖန်ဆင်းခြင်း၏ ဆဌမနေ့မှာတော့ ဘုရားသခင်ဖန်ဆင်းထားသော ကမ္ဘာကြီးသည် ရှုမငြီးဖွယ် တင့်တယ်လှပနေပြီ ဖြစ်တယ်။ မြက်ခင်းပြင်ကြီးများ စိမ်းလန်းနေကြပြီး၊ ပန်းပေါင်းစုံဖူးပွင့်ဝေဆာကာ ကျေးငှက်တိရစ္ဆာန်တို့၏ အော်မြည်သံများကလည်း သစ်တောများတလျှောက် ရိုက်ခတ်လျက်ရှိတယ်။

သို့သော် ကမ္ဘာကြီးပေါ်၌ လူဟူ၍ မရှိသေးပါ။ ထို့အတူ အိမ်များ၊ ယာတောစိုက်ခင်းများနှင့် မြို့များလည်း မရှိသေးသော အချိန်ကာလဖြစ်တယ်။ သစ်ပင်အောက်၌ ဆော့ကစားနေသော ကလေးများကိုလည်း မတွေ့ရပေ။ ကမ္ဘာကြီးကတော့ လူယောကျ်ားနှင့် လူမိန်းမတို့ ဝမ်းမြောက်စွာ နေထိုင်ဖို့ရန် အသင့် ဖြစ်နေပြီ ဖြစ်တယ်။

“တဖန် ဘုရားသခင်က ငါတို့ ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ဝိညာဉ်ကို ပိုင်ဆိုင်ပြီး ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတစ်ပြင်လုံးနှင့်တကွ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။”

အဲဒီနောက် ဘုရားသခင်သည် မြေမှုန့်ကို ယူ၍ လူကို ပုံသွင်းပြီး သူ၏ နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတယ်။ ပြီးတဲ့အခါ လူဟာ အသက်ရှင်သော သတ္တဝါအဖြစ်သို့ ရောက်လာတယ်။ ထိုပထမဦးဆုံး လူသားကို ဘုရားသခင်သည် အာဒံဟု အမည်နာမပေးတော်မူတယ်။

လူသားအတွက် နေစရာအိမ်အဘို့အလို့ငှာ ဘုရားသခင်သည် ဧဒင် အမည်ရှိသော ဥယျာဉ်ကို ပြုစုပြီး လူကို နေရာချတော်မူတယ်။ အာဒံ၏ တာဝန်မှာ ဧဒင်ဥယျာဉ်အား ထိန်းသိမ်းစောင့်ရှောက်ရန်ပင်ဖြစ်တယ်။ ဘုရားသခင်သည် သူဖန်ဆင်းထားသော တိရစ္ဆာန်များအားလုံးကို အာဒံရှိရာသို့ ခေါ်ဆောင်လာကာ အာဒံအား စိတ်ကြိုက်နာမည်ပေးစေခဲ့တယ်။ ထိုအခါမှ အာဒံသည် တိရစ္ဆာန်များတွင် အဖိုနှင့်အမ နှစ်မျိုးရှိကြောင်းကို သတိပြုမိတော့တယ်။

တကယ်တော့ အလွန်လှပပြီး လိုလေသေးမရှိအောင် ပြည့်စုံတဲ့ဤဥယျာဉ်ကြီးထဲမှာ အာဒံအတွက် သင့်တော်သော အဖော်မရှိသေးပါ။ ထို့ကြောင့် “ထာဝရဘုရားသခင်ကလည်း ယောကျ်ားသည် တစ်ယောက်တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့အဘို့ ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။”

ဘုရားသခင်သည် အာဒံအား ကြီးစွာသော အိပ်ခြင်းနှင့် အိပ်စေတော်မူပြီး သူ၏ ကိုယ်မှ နံရိုးတစ်ချောင်းကို ထုတ်၍ လူမိန်းမအား ဖန်ဆင်းတော်မူတယ်။ အာဒံက သူမအား ဧဝ လို့ အမည်ပေးခဲ့တယ်။ သူတို့နှစ်ဦးဟာ ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာနဲ့ ဘုရားသခင်နေရာချထားတဲ့ ဤဥယျာဉ်ကြီးထဲမှာ ပျော်ရွှင်စွာနေထိုင်ခဲ့ကြတယ္။
ကမ္ဘာဦးကျမ်း ၁း၂၆၊ ၂

မိဘများ။ ။

“အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းပါသည်။” – ဆာလံကျမ်း ၁၃၉း၁၄။

 

ကလေးများ။ ။

၁။ အာဒံနှင့်ဧဝတို့အား မည်သူ ဖန်ဆင်းခဲ့သနည်း။

၂။ ဘုရားသခင် ဖန်ဆင်းထားသောတိရစ္ဆာန်များကို မည်သူ နာမည်ပေးခဲ့ပါသလဲ။

၃။ အာဒံနှင့်ဧ၀ နေထိုင်ခဲ့ရာ ဥယျာဉ်ကြီး၏အမည်ကို ဖော်ပြပါ။