The Creation

ဖန်ဆင်းခြင်း၏ပုံပြင်


အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လ ဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။

ပထမနေ့

ဘုရားသခင်ကလည်း လင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကိုပိုင်ခြားခွဲထားတော်မူ၏။ အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ် တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။

ဒုတိယနေ့

တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက်အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်းဖြစ်လေ၏။ မိုဃ်းမျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ် သမုတ်တော် မူ၍၊ ညဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ၏။

တတိယနေ့

တဖန်ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။ ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ် မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။ မြေသည်မြက်ပင်ကို၎င်း စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုး ကို ဖြစ်စေသော သစ်ပင်ကို၎င်း ပေါက်စေ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် တတိယနေ့ရက် ဖြစ်လေ၏။

စတုတ္ထနေ့

တဖန်ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု အမိန့်တော်ရှိ သည့်အတိုင်းဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရသော အကြီးတလုံး၊ ညဉ့်ကို အုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊ မြေကြီး၌ လင်းစေခြင်းငှာ၎င်း၊ နေ့နှင်ညဉ့်ကို အုပ်စိုး၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာ ၎င်း၊ မိုဃ်းကောင်းကင် မျက်နှာကြက်၌ ဘုရားသခင် ထားတော်မူ၏။ ထိုအမှုအရာ ကောင်းသည်ကို ဘုရား သခင်မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။


ပဉ္စမနေ့

တဖန်ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွား စေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးသွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ ပျံတက်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန် ဆင်း၍၊ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ၏။ ဘုရားသခင်ကလည်း များပြားစွာ မွေးဘွားကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။ ငှက်တို့ လည်း မြေပေါ်၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍၊ ညဦးနှင့်နံနက်သည် ပဥ္စမနေ့ရက်ဖြစ်လေ၏။


ဆဌမနေ့

မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လ ဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။

ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။


သတ္တမနေ့

သတ္တမနေ့ရက်ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည် ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော ထိုအမူအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေ တော်မူ၏။ ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ သောနေ့၊ ဖန်ဆင်းရာကာလ၌ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပတ္တိပေတည်း။

အာဒံနှင့်ဧဝ

အာဒံနှင့်ဧဝ
(ပထမဦးဆုံးလူသားနှင့် အသက်ရှင်သူအပေါင်းတို့၏အမိ)

ဖန်ဆင်းခြင်း၏ ဆဌမနေ့မှာတော့ ဘုရားသခင်ဖန်ဆင်းထားသော ကမ္ဘာကြီးသည် ရှုမငြီးဖွယ် တင့်တယ်လှပနေပြီ ဖြစ်တယ်။ မြက်ခင်းပြင်ကြီးများ စိမ်းလန်းနေကြပြီး၊ ပန်းပေါင်းစုံဖူးပွင့်ဝေဆာကာ ကျေးငှက်တိရစ္ဆာန်တို့၏ အော်မြည်သံများကလည်း သစ်တောများတလျှောက် ရိုက်ခတ်လျက်ရှိတယ်။

သို့သော် ကမ္ဘာကြီးပေါ်၌ လူဟူ၍ မရှိသေးပါ။ ထို့အတူ အိမ်များ၊ ယာတောစိုက်ခင်းများနှင့် မြို့များလည်း မရှိသေးသော အချိန်ကာလဖြစ်တယ်။ သစ်ပင်အောက်၌ ဆော့ကစားနေသော ကလေးများကိုလည်း မတွေ့ရပေ။ ကမ္ဘာကြီးကတော့ လူယောကျ်ားနှင့် လူမိန်းမတို့ ဝမ်းမြောက်စွာ နေထိုင်ဖို့ရန် အသင့် ဖြစ်နေပြီ ဖြစ်တယ်။

“တဖန် ဘုရားသခင်က ငါတို့ ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ဝိညာဉ်ကို ပိုင်ဆိုင်ပြီး ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတစ်ပြင်လုံးနှင့်တကွ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။”

အဲဒီနောက် ဘုရားသခင်သည် မြေမှုန့်ကို ယူ၍ လူကို ပုံသွင်းပြီး သူ၏ နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတယ်။ ပြီးတဲ့အခါ လူဟာ အသက်ရှင်သော သတ္တဝါအဖြစ်သို့ ရောက်လာတယ်။ ထိုပထမဦးဆုံး လူသားကို ဘုရားသခင်သည် အာဒံဟု အမည်နာမပေးတော်မူတယ်။

လူသားအတွက် နေစရာအိမ်အဘို့အလို့ငှာ ဘုရားသခင်သည် ဧဒင် အမည်ရှိသော ဥယျာဉ်ကို ပြုစုပြီး လူကို နေရာချတော်မူတယ်။ အာဒံ၏ တာဝန်မှာ ဧဒင်ဥယျာဉ်အား ထိန်းသိမ်းစောင့်ရှောက်ရန်ပင်ဖြစ်တယ်။ ဘုရားသခင်သည် သူဖန်ဆင်းထားသော တိရစ္ဆာန်များအားလုံးကို အာဒံရှိရာသို့ ခေါ်ဆောင်လာကာ အာဒံအား စိတ်ကြိုက်နာမည်ပေးစေခဲ့တယ်။ ထိုအခါမှ အာဒံသည် တိရစ္ဆာန်များတွင် အဖိုနှင့်အမ နှစ်မျိုးရှိကြောင်းကို သတိပြုမိတော့တယ်။

တကယ်တော့ အလွန်လှပပြီး လိုလေသေးမရှိအောင် ပြည့်စုံတဲ့ဤဥယျာဉ်ကြီးထဲမှာ အာဒံအတွက် သင့်တော်သော အဖော်မရှိသေးပါ။ ထို့ကြောင့် “ထာဝရဘုရားသခင်ကလည်း ယောကျ်ားသည် တစ်ယောက်တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့အဘို့ ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။”

ဘုရားသခင်သည် အာဒံအား ကြီးစွာသော အိပ်ခြင်းနှင့် အိပ်စေတော်မူပြီး သူ၏ ကိုယ်မှ နံရိုးတစ်ချောင်းကို ထုတ်၍ လူမိန်းမအား ဖန်ဆင်းတော်မူတယ်။ အာဒံက သူမအား ဧဝ လို့ အမည်ပေးခဲ့တယ်။ သူတို့နှစ်ဦးဟာ ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာနဲ့ ဘုရားသခင်နေရာချထားတဲ့ ဤဥယျာဉ်ကြီးထဲမှာ ပျော်ရွှင်စွာနေထိုင်ခဲ့ကြတယ္။
ကမ္ဘာဦးကျမ်း ၁း၂၆၊ ၂

မိဘများ။ ။

“အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းပါသည်။” – ဆာလံကျမ်း ၁၃၉း၁၄။

 

ကလေးများ။ ။

၁။ အာဒံနှင့်ဧဝတို့အား မည်သူ ဖန်ဆင်းခဲ့သနည်း။

၂။ ဘုရားသခင် ဖန်ဆင်းထားသောတိရစ္ဆာန်များကို မည်သူ နာမည်ပေးခဲ့ပါသလဲ။

၃။ အာဒံနှင့်ဧ၀ နေထိုင်ခဲ့ရာ ဥယျာဉ်ကြီး၏အမည်ကို ဖော်ပြပါ။

ဘုရားသခင်၏ အံ့သြဖွယ်ဖန်ဆင်းခြင်း

ဘုရားသခင်၏ အံ့သြဖွယ်ဖန်ဆင်းခြင်း
(အစအဦး)

သမ္မာကျမ်းစာကို ဘုရားသခင်၌သာ အစပြုထားပါတယ်။ ဘုရားသခင်ဟာ အထက်အရပ်ရှိ လှပသော ကောင်းကင်ဘုံကို ဖန်ဆင်းခဲ့သလို၊ ကျွန်ုပ်တို့နေထိုင်ဖို့အတွက်လည်း ကမ္ဘာမြေကြီးကို ဖန်ဆင်းပေးခဲ့ပါတယ်။ တစ်ချိန်တုန်းက တစ်လောကလုံး အမှောင်ဖုံးပြီး၊ ကျေးငှက်၊ တိရစ္ဆာန်တွေလည်းမရှိ၊ ကလေးငယ်တွေရဲ့ ရယ်မောသံတွေလည်း မရှိတဲ့ ကာလတစ်ခု ရှိခဲ့ဖူးတယ်။

ဒီအချိန်မှာပဲ အလင်းဖြစ်စေဖို့၊ အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာတယ်။ ချက်ခြင်းဆိုသလို အလင်း ဖြစ်ပေါ်လာတယ်။ ဘုရားသခင်က အလင်းနဲ့ အမှောင်ကို ခွဲခြားလိုက်ပြီး အလင်းကို နေ့၊ အမှောင်ကို ည ဆိုပြီး နာမည် သတ်မှတ်ပေးလိုက်တယ်။ ဒါတွေဟာ ဖန်ဆင်းခြင်းရဲ့ ပထမဦးဆုံးနေ့မှာ ဖြစ်တယ်။

ဒုတိယနေ့မှာတော့ ဘုရားသခင်က သာယာလှပတဲ့ ကမ္ဘာကြီးကို ဖန်ဆင်းတဲ့လုပ်ငန်းကြီးကို စတင်လိုက်ပါတယ်။ မိုးကောင်ကင်နဲ့ ရေကို သတ်သတ်စီခွဲထုတ်ပစ်လိုက်တယ်။ ဒီတစ်ခါမှာ တိမ်တောင်၊ တိမ်တိုက်တွေနဲ့ အပြာရောင် မိုးကောင်ကင်ကြီး ပေါ်ထွက်လာတယ်။

တတိယနေ့မှာ ဘုရားသခင်က ကုန်းမြေကို ပေါ်စေပြီး၊ ရေများကို ပင်လယ်၊ မြစ်ချောင်းများ အဖြစ် ပြောင်းလဲ စုစည်းပြီး စီးဆင်းစေခဲ့တယ်။ လွင်ပြင်၊ တောင်ကုန်း၊ တောင်တန်းများကိုလည်း မြက်ပင်၊ ပန်းပင်၊ စပျစ်ပင်၊ သစ်ပင်များနဲ့ ပြည့်စေတယ်။ သရက်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီးနဲ့ ဒူးရင်းသီးများကိုလည်း သစ်ပင်များနဲ့ ချုံပင်များတို့၌ သီးစေတော်မူတယ်။

စတုတ္ထနေ့မှာတော့ နေ့ ဟု ခေါ်ဝေါ်သည့် ဝါဝင်းတောက်ပသော အလင်းအိမ်ကြီးကို ကောင်းကင်မှာ ချိတ်ဆွဲလိုက်တယ်။ ညနေပိုင်းမှာတော့ ကြည်လင်လင်းလက်သည့် လ နဲ့တကွ မြောက်မြားလှစွာသော ကြယ်တို့ကိုလည်း အတန်းလိုက် နေရာချတော်မူတယ်။

ပဥ္စမမြောက်နေ့မှာတော့ နေရာတိုင်းမှာ ဝက်ဝက်ကွဲဆူညံနေတယ်။ ဘုရားသခင် ဒီနေ့မှာတော့ ဘာများ ဖန်ဆင်းမိပါလိမ့်။ ဒီနေ့မှာတော့ မိုးကောင်ကင်အပြည့် ပျံသန်းနေသော ငှက်များနဲ့ ရေမှာကူးခတ်နေသော ငါးများကို ဖန်ဆင်းတော်မူတယ်။ ဖန်ဆင်းရာမှာလည်း အရောင်စုံ၊ အရွယ်အစားမျိုးစုံနှင့် ပုံစံမျိုးစုံ ဖန်ဆင်းတော်မူတယ်။ ဝေလငါး၊ ရွှေငါး၊ ဘဲငန်း၊ ငှက်ကုလားအုတ်နဲ့ ကြိုးကြာငှက်တို့ဟာ ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာများအထဲက အချို့သာ ဖြစ်တယ်။

သားယဉ် သားရဲများနှင့် တွားသွားတတ်သော သတ္တဝါမျိုးစုံတို့ကို များပြားစွာ မွေးဖွားပေးစေဟု အမိန့်တော် ရှိသည့်အတိုင်း ဆဌမနေ့၌ များပြားစွာ မွေးဖွားကြကုန်တယ်။ နွားများ၊ မြင်းများ၊ သိုးများ၊ ခွေးများ၊ ကြောင်များကို ခြင်္သေ့၊ ကျား၊ ဝက်ဝံ၊ ယုန်တို့နှင့်အတူ ဖန်ဆင်းတော်မူတယ်။ ဒါဟာ ဆဌမနေ့မှာ ဘုရားသခင်ဖန်ဆင်းမဲ့ ပထမဦးဆုံးလူသားအတွက် အလွန်ထူးခြားသော မွေးနေ့လက်ဆောင်ပင်ဖြစ်တယ်။ ထိုသူ၏ အမည်ကို သင်သိပါသလား။ နောက်လာမည့် အခန်းမှာတော့ သူ့အကြောင်းကို သင် ဖတ်ရှုရမှာပါ။

သတ္တမနေ့မှာတော့ ဘုရားသခင်ဟာ ဖန်ဆင်းတော်မူသော အရာများတို့ကို ပြီးစီးပြီးဖြစ်သည့်အတွက် ငြိမ်ဝပ်စွာ နေတော်မူတယ်။ သန့်ရှင်းတဲ့နေ့လို့လည်း မှည့်ခေါ်ခဲ့တယ်။
ကမ္ဘာဦးကျမ်း ၁၊ ၂း ၁-၃

မိဘများ။ ။

“ယခုမြင်ရသောအရာတို့သည် အရင်က ထင်ရှားသောအရာထဲက မဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။” – ဟေဗြဲသြဝါဒစာ ၁၁း၃။

ကလေးများ။ ။
၁။ ခပ်သိမ်းသောသက်ရှိ၊ သက်မဲ့တို့ကို အဘယ်သူ ဖန်ဆင်းသနည်း။
၂။ ဘုရားသခင်ဖန်ဆင်းသောအရာများထဲမှ အချို့သောအရာများကို သင် ပြန်ပြောပြနိုင်ပါမည်လား။
၃။ ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖန်ဆင်းရန် အချိန်ဘယ်နှစ်ရက် အသုံးပြုခဲ့ပါသလဲ။

7.Call of Abraham

Genesis 11:26-32, Genesis 12:1-20

Chapter 11

26 တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။

27 တေရ၏ သားစဉ်မြေးဆက်ဟူမူကား၊ တေရသည် အာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။

28 ခါရန်သည်လည်း လောတကိုမြင်လေ၏။ ခါရန်သည်၊ အဘတေရမသေမှီ၊ မိမိဘွားရာအရပ်၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့၌ သေလေ၏။

29 အာဗြံနှင့် နာခေါ်သည် မယားကို ယူ၍၊ အာဗြံ၏ မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏ မယားကား၊ ခါရန်၏သမီးမိလခါ အမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘဖြစ်သတည်း။

30 စာရဲမူကား မြုံသော မိန်းမဖြစ်၍ သားသမီးမရှိ။

31 တေရသည် သားအာဗြံကို၎င်း၊ ခါရန်၏သား ဖြစ်သောမြေး လောတကို၎င်း၊ သားအာဗြံ၏မယားဖြစ် သော မိမိ ချွေးမစာရဲကို၎င်းခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ ထွက်သဖြင့်၊ ခါရန်မြို့သို့ ရောက်၍နေကြ၏။

32 တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော်၊ ခါရန်မြို့၌ သေလေ၏။

map-abraham-journey-2

Chapter 12

1 ထာဝရဘုရားသည်လည်း အာဗြံကို ခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဘော် များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့ သွားလော့။

2 ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါ ကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင် သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။

3 သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။

4 ထိုသို့ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံ သည် ခါရန်မြို့မှ ထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။

5 အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့်၊ ဥစ္စာရတတ်သမျှကို၎င်း၊ ခါရန်မြို့၌ရသော လူတို့ကို ၎င်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ ရောက်ခြင်းငှါ၊ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။

6 အာဗြံသည် ထိုပြည်ကို ရှောင်သွား၍ ရှိခင်အရပ်၊ မောရသပိတ်ပင်သို့ ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ ရှိကြရ၏။

7 ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသော ထာဝရဘုရားဘို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကို တည်လေ၏။

8 ထိုအရပ်မှ သွားပြန်၍၊ ဗေသလမြို့အရှေ့၌ ရှိသော တောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့ အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားသို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ထာဝရဘုရား၏ နာမတော်ကို ပဌာနပြု၏။

9 အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ ရောက်လေ၏။

10 ထို့နောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တပြည်၌ တည်းခိုးခြင်းငှါ သွားလေ၏။

11 အဲဂုတ္တုပြည်နှင့်နီးသောအခါ၊ မိမိမယားစာရဲကို၊ သင်သည် အဆင်းလှသော မိန်းမဖြစ်သည်ကို ငါသိ၏။

12 အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ၊ ဤမိန်းမသည် သူ၏မယားဖြစ်၏ဟုဆိုလျက်၊ ငါ့ကိုသတ်၍ သင့်ကို အသက်ချမ်းသာပေးလိမ့်မည်။

13 သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်ကြောင်းကို ပြောပါလော့။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစား လိမ့်မည်။ သင်၏ကျေးဇူးအားဖြင့် ငါအသကချမ်းသာ ရလိမ့်မည်ဟု ဆို၏။

14 အာဗြံသည် အဲဂုတ္တပြည်သို့ ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည် မြင်ကြ၏။

15 ဖါရောဘုရင်၏မှူးတော်မတ်တို့လည်း မြင်၍၊ ရှေ့တော်၌ ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။

16 ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်များနှင့်ကြွယ်ဝ၏။

17 ထာဝရဘုရားသည် အာဗြံ၏ မယားစာရဲအတွက်ကြောင့်၊ ဖါရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးသော ဘေးဒဏ်ဖြင့် ဆုံးမတော်မူ၏။

18 ဖါရောဘုရင်သည်လည်း အာဗြံကိုခေါ်၍၊ သင်သည်ငါ၌ ပြုသောအမှုကား အဘယ်သို့နည်း။ သူသည် သင်၏မယားဖြစ်ကြောင်းကို၊ ငါအား အဘယ်ကြောင့် မပြောသနည်း။

19 ငါသည် သူ့ကို သိမ်းပိုက်စေခြင်းငှါ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်၏ မယားကို ယခုယူ၍သွားလော့ဟု အမိန့်ရှိ၏။

20 ထိုသို့အာဗြံအမှုကို စီရင်၍၊ မိမိလူတို့အား မှာထားသဖြင့်၊ သူတို့သည် အာဗြံ၌ရှိသမျှသော ဥစ္စာနှင့် တကွ၊ သမီးမောင်နှံတို့ကို လွှတ်လိုက်ကြ၏။

promise-to-abraham
#BibleTelling – All the Stories of the Bible

6. The World after the Flood

Genesis 9:20-28, Genesis 10, Genesis 11:1-26
004-tower-babel

Chapter 9

20 နောဧသည် လယ်လုပ်သောအတတ်ကို ပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။

21 စပျစ်ရည်ကိုလည်း သောက်၍ယစ်မူးသဖြင့်၊ မိမိထဲ၌ အဝတ်မခြုံဘဲနေလေ၏။

22 ခါနာန်၏ အဘဟာမသည်၊ မိမိအဘ၌အဝတ်အချည်းစည်း ရှိသည်ကိုမြင်လျှင် ပြင်မှာရှိသော အစ်ကို နှစ်ယောက်ကို ပြောလေ၏။

23 ရှေမနှင့်ယာဖက်တို့သည် အဝတ်ကိုယူ၍ ပခုံးပေါ်မှာ တင်ပြီးလျှင်၊ နောက်သို့ဆုတ်သွား၍ မိမိအဘ၌၊ အဝတ်အချည်းစည်းရှိသည်ကို ဖုံးကြ၏။ သူတို့သည် အပြင်သို့မျက်နှာပြုသောကြောင့်၊ မိမိအဘ၌ အဝတ် အချည်း အစည်းရှိသည်ကို မမြင်ရ။

24 နောဧသည် ယစ်မူခြင်းပျောက်၍ နိုးသောအခါ၊ မိမိ၌သားငယ်ပြုသည်ကိုသိလျှင်၊

25 ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေဟုဆို၏။

26 တဖန်ရှေမ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။

27 ဘုရားသခင်သည် ယာဖက်ကို ကျယ်စေတော်မူသဖြင့်၊ ရှေမ၏ တဲသို့တွင်နေပါစေ။ ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေဟု ဆိုလေ၏။

28 နောဧသည် ရေလွှမ်းမိုးသောနောက်၊ အနှစ် သုံးရာငါးဆယ် အသက်ရှင်၍၊

Chapter 10

1 ရေလွှမ်းမိုးသောနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှ ဆင်းသက်သော သားစဉ်မြေးဆက် တို့ကို ဆိုပေအံ့။

2 ယာဖက်၏သားကား ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိုက်တည်း။

3 ဂေါမသားကား၊ အာရှေကနတ်၊ ရိဖတ် တော်ဂမတည်း။

4 ယာဝန်သားကား၊ ဧလိရှား၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တည်း။

5 ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံ မြေနယ်တို့ကို ဘာသာအသီးအသီး၊ အမျိုးအနွယ် အသီးသီးရှိသည့်အတိုင်း၊ အချင်းချင်း ခွဲဝေကြ၏။

6 ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဇုတ၊ ခါနာန်တည်း။

7 ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန်တည်း။

8 ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သော သူဖြစ်၏။

9 ထာဝရဘုရားရှေ့မှာ အားကြီးသော မုဆိုးဖြစ်၏။ ထိုကြောင့် စကားပုံ၌ကား၊ ဘုရားရှေ့နိမ်ရောဒ၊ အားကြီးမုဆိုး၊ ပြုလုပ်သည်လိုဟု စပ်ဆိုသတည်း။

10 သူ၏ နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကမြို့ကာလနေမြို့တည်း။

11 ထိုပြည်မှာအာရှရိပြည်သို့သွား၍ နိနေဝမြို့၊ ရဟောဘုတ်မြို့ ကာလမြို့ကို၎င်း၊

12 နိနေဝေမြို့နှင့်၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသော မြို့တည်းဟူသော ရေသင်မြို့ကို၎င်း တည်ဆောက် လေ၏။

13 မိဇရိမ်သားကား၊ လုဒိမ်လူ၊ အာနမိမ်လူ၊ လဟာဗိမ်လူ၊ နတ္တုဟိမ်လူ၊

14 ပါသရူသိမ်လူ၊ ကာသလုဟိမ်လူ၊ ကတ္တောရိမ် လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ် သတည်း။

15 ခါနာန်သား အကြီးကား၊ ဇိဒုန်။ ထိုနောက် ဟေသ။

16 ထိုနောက် ယေဗုသိလူ၊ အာမောရိလူ။ ဂိရဂါရှိ လူ၊

17 ဟိဝိ လူ၊ အာကိလူ၊ သိနိလူ၊

18 အာဝဒိ လူ၊ ဇေမရိလူ၊ ဟာမသိ လူတည်း။ ထိုနောက်ခါနာန် အမျိုးသားအသီးသီးတို့သည် နှံ့ပြားကြ လေ၏။

19 ခါနာန်အမျိုးသား နေရာပြည်နယ်သည် ဇိဒုန်မြို့မှဂေရာမြို့၊ ဂါဇမြို့တိုင်အောင်၎င်း တဖန်သောဒုမြို့၊ ဂေါမာရမြို့၊ အာဒမာမြို့ ဇောဘိုင်မြို့ကိုလွန်၍ လာရှမြို့ တိုင်အောင်၎င်း ရှိသတည်း။

20 ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်အပြည် အတိုင်းတိုင်း၌ နေသော ဟာမသားများ ဖြစ်သတည်း။

21 ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏ အဘ၊ ရှေမသည်လည်း သားများကိုမြင်လေ၏။

22 ရှေမသားကား၊ ဧလံ၊ အာရှရ၊ အာဖါဇဒ်၊ လုဒ၊ အာရံတည်း။

23 အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။

24 အာဖာဇ်သားရှာလ၊ ရှာလသားဟေဗာတည်း။

25 ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကို ခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန် အမည်ရှိ၏။

26 ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊

27 ဟဒေါရံ၊ ဥဇလ၊ ဒိကာလ၊

28 ဩဗလအဘိမေလ၊ ရှေဘ၊

29 ဩဖိရဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့ သည် ယုတ္တန်သားဖြစ်သတည်း။

30 သူတို့နေရာမူကား၊ မေရှမြို့မှသည် အရှေ့ မျက်နှာ၌သေဖာတောင်တိုင်အောင် ရှိသတည်း။

31 ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်ပြည်အတိုင်းတိုင်း တို့၌နေသော ရှေမသားများဖြစ်သတည်း။

32 ဤရွှေ့ကား မိမိတို့အမျိုးအနွယ် အသီးသီး အလိုက်မှတ်သားထားသော နောဧသား ဆွေစဉ် မျိုးဆက်စာရင်းပေးသတည်း။ ထိုသူတို့သည် ရေလွှမ်းမိုးသောနောက်၊ မြေကြီးပေါ်မှာ သီးခြားသော တိုင်းပြည် တို့ကိုတည်ထောင်ကြလေ၏။

Chapter 11

1 မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း။ စကားတမျိုးတည်းရှိကြသည်ဖြစ်၍၊

2 အရှေ့မျက်နှာမှ ခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ် ကိုတွေ့၍ နေရာချကြ၏။

3 သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟု၊ တယောက်ကို တယောက် ပြောကြ၏။ ထိုသို့ ကျောက်အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညှိတမျိုးကို၎င်း ရပြီးလျှင်၊

4 လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍၊ မြို့ကို၎င်း၊ မိုဃ်းကောင်းကင်သို့မှီရသော ရဲတိုက်ကို၎င်း တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှါ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။

5 ထိုသို့ လူသားတို့တည်လုပ်သော မြို့နှင့် ရဲတိုက်ကို ကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက်တော် မူ၏။

6 ထာဝရဘုရားက ကြည့်ရှုလော့။ လူတမျိုးတည်း၊ စကားတမျိုးတည်း ရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။

7 လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်း နားမလည်စေခြင်းငှါ၊ သူတို့စကားကို ရှုပ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။

8 ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ပဲ နေကြ၏။

9 သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုပ်ထွေး၍၊ သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ် ကွဲပြားစေတော်မူသောကြောင့် ထိုမြို့သည် ဗာဗုလုံမြို့ဟူ၍ တွင်သတည်း။

10 ရှေမ၏ သားစဉ်မြေးဆက်ဟူမူကား၊ ရှေမသည် အသက်တရာရှိ၍၊ ရေလွှမ်းမိုးသောနောက်နှစ်နှစ်ကြာ သော်၊ သားအာဖာဇဒ်ကို မြင်လေ၏။

11 အာဖာဇဒ်ဘွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာအသက်ရှင်၍ သားသမီးများကို မြင်လေ၏။

12 အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလကို မြင်လေ၏။

13 ရှာလဘွားမြင်သောနောက်၊ အာဖာဇဒ်သည် အနှစ်လေးရာသုံး နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။

14 ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကို မြင်လေ၏။

15 ဟေဗာဘွားမြင်သောနောက်၊ ရှာလသည် အနှစ်လေးရာသုံးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။

16 ဟေဗာသည် အသက်သုံးဆယ့်လေးနှစ်ရှိသော်၊ သားဖာလက်ကို မြင်လေ၏။

17 ဖာလက်ဘွားမြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။

18 ဖာလက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကို မြင်လေ၏။

19 ရာဂေါဘွားမြင်သောနောက်၊ ဖာလက်သည် အနှစ်နှစ်ရာကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို ဘွားမြင်လေ၏။

20 ရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ သားစေရောက်ကို မြင်လေ၏။

21 စေရောက်ဘွားမြင်သောနောက်၊ ရာဂေါသည် အနှစ်နှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။

22 စေရောက်သည်အသက်သုံးဆယ်ရှိသော်၊ သားနာကိုခေါ်ကို မြင်လေ၏။

23 နာခေါ်ဘွားမြင်သောနောက်၊ စေရောက်သည် အနှစ်နှစ်ရာ အသက်ရှင်၍ သားသမီးများကို မြင်လေ၏။

24 နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိသော်၊ သားတေရကို မြင်လေ၏။

25 တေရဘွားမြင်သောနောက်၊ နာခေါ်သည် အနှစ်တရာတဆယ်ကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။

26 တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။

towerbabel-760x245

#BibleTelling – All the Stories of the Bible

1 2